ပုဏ္ဏားကျွန်းသို့ ပြောင်းရွှေ့ခန့်အပ်ခြင်းခံရသည့် မြို့နယ်အုပ်ချုပ်ရေးမှူးကို ရက္ခိုင့်တပ်တော် ဖမ်းဆီး

ပုဏ္ဏားကျွန်းသို့ ပြောင်းရွှေ့ခန့်အပ်ခြင်းခံရသည့် မြို့နယ်အုပ်ချုပ်ရေးမှူးကို ရက္ခိုင့်တပ်တော် ဖမ်းဆီး

ဇူလိုင် ၁၈

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့သို့ ဇူလိုင်လ ၁ ရက်နေ့တွင်မှ ပြောင်းရွှေ့ခန့်အပ်ခြင်းခံရသည့် မြို့နယ် အုပ်ချုပ်ရေးမှူးကို ရက္ခိုင့်တပ်တော်(AA)က ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖမ်းဆီးခဲ့ ကြောင်း သိရသည်။

ဖမ်းဆီးခံရသူမှာ မြို့နယ်အုပ်ချုပ်ရေးမှူးမှာ ဦးလှရွှေ(၅၅)နှစ်ဖြစ်ပြီး ကျောက်တော်ဘုရားဖူးမှ အပြန်တွင် ရက္ခိုင့်တပ်တော် (AA)က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“ကျောက်တော်က ဘုရားဖူးပြန်လာတဲ့အချိန် ဖမ်းသွားတာ။ AA ကဖမ်းသွားတယ်လို့ သိရတယ်။ သူဒီကို ရောက်တာ ဒီလ ၁ ရက်နေ့မှ ရောက်တာဆိုတော့ နှစ်ပတ်ကျော်လောက်ပဲရှိသေးတယ်။ မကြာသေးဘူး ” ဟု ဒေသခံတစ်ဦးက ပြောသည်။

တာဝန်ကျလာသည့်မှာ မကြာသေးသည့်အတွက် မည်သည့်အတွက်ကြောင့် ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခဲ့သည်ကို မသိရှိရကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီသည် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရွှေ ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ ပုဏ္ဏားကျွန်းမြို့ ပေါ်တွင် ယခုအချိန်ထိ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခြင်းမရှိသေးကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည် ဇွန်လအတွင်းက ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီတပ်သားတစ်ဦးကို AA မှ ဖမ်းဆီးခဲ့ပြီး နောက် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ကာ ဒေသခံအရပ်သားများကို ဖမ်းဆီးစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများရှိခဲ့သည်။

#Mizzima

#ရခိုင်ပြည်နယ်

#ပုဏ္ဏားကျွန်း

#မြို့နယ်အုပ်ချုပ်ရေးမှူး

#ရက္ခိုင့်တပ်တော်ဖမ်းဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required