ဇူလိုင် ၉
မန္တလေးမြို့တွင် စစ်ကောင်စီတပ်မှ နေအိမ်သို့ခေတ္တပြန်လာသည့် ဗိုလ်ကြီးတစ်ဦး ယနေ့ ဇူလိုင် ၉ ရက်နေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်းသိရသည်။
အဆိုပါ ဗိုလ်ကြီးသည် ရှေ့တန်းတွင် ဒဏ်ရာရ၍ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်၊ ၁၀၈(B)လမ်း၊ ၅၄ လမ်းနှင့် ၅၅ လမ်းကြားရှိ နေအိမ်သို့ ပြန်လာစဉ် ယနေ့ နံနက် ၇နာရီ၃၀ မိနစ်ခန့်က သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။
“ရှေ့တန်းမှာ ဒဏ်ရာရလို့ ရန်ကုန်မှာ ဆေးကုတယ်။ ဒီမနက်သူ့အိမ်ပြန်အလာကို ဖရဲသီးသတင်းအရ လူသုံးလေးယောက်လောက်က အိမ်ထဲအထိဝင်ပစ်ကြတာပါ။ လေးငါးချက်ပစ်တာ ပေါင်ကိုတစ်ချက်ထိတယ်။ ဗိုလ်ကြီးအဆင့်ပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရသူသည် ဗိုလ်ကြီးအောင်ဟိန်းသန့်ဆိုသူဖြစ်ပြီး လက်ရှိတွင် နန်းတွင်းဆေးရုံသို့ ပို့ဆောင်ထားကာ စိုးရိမ်စရာမရှိကြောင်း စစ်ကောင်စီ ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံက သိရသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းကို မသိရှိရသေးပေ။