ကလေးမြို့တွင် မိုင်းခွဲတိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်သား ၂ ဉီး သေဆုံး

ကလေးမြို့တွင် မိုင်းခွဲတိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်သား ၂ ဉီး သေဆုံး

ဇူလိုင် ၈

စစ်ကိုင်းတိုင်း ကလေးမြို့တွင် မိုင်းခွဲတိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်သား နှစ်ဉီးသေဆုံးပြီး အရာရှိ တစ်ဉီးအပါအဝင် ခြောက်ဉီးထက်မနည်း အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(ကလေးမြို့) PDF–Kalay မှ ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၇ ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် ကလေးမြို့ တောင်ဖီလာလမ်းမကြီးနှင့် ဝန်ထမ်းအိမ်ယာ လမ်းထောင့်အနီးတွင် အင်အား ၅၀ ခန့်ရှိစစ်ကောင်စီတပ်ဖွဲ့ ခြေလျင်လျောက်လာစဉ် ဖောက်ခွဲတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

အင်အား ၅၀ ခန့်ပါသော အဆိုပါစစ်ကြောင်းအား PDF – Kalay မိုင်းတပ်ဖွဲ့မှ အသင့် တပ်ဆင်ထားသော မိုင်းများဖြင့် ဆက်တိုက်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် မိုင်းထိမှန်ပြီး စစ်ကောင်စီတပ်သားများသေဆုံး ဒဏ်ရာရခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မိုင်းခွဲတိုက်ခိုက်ခံရသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် အနီးပါတ်ဝန်းကျင်သို့ ရမ်းသန်းပစ်ခတ် ခဲ့ပြီး ရပ်ကွက်အတွင်းမှ ပြည်သူအချို့အား သေနတ်ဖြင့်ထောက်၍ လမ်းကြားများအတွင်း မိုင်းရှင်းရန် လူသားဒိုင်းအဖြစ် စေခိုင်းခဲ့ကြောင်း ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်က ရပ်ကွက်အတွင်းမှ အပြစ်မဲ့ပြည်သူတစ်ဉီးကိုလည်း ဖမ်းဆီးသွားခဲ့ကြောင်း PDF – Kalay ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#ကလေးမြို့

#PDF-Kalay

#မိုင်းခွဲတိုက်ခိုက်

#စစ်ကောင်စီတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly