ချမ်းအေးသာစံမြို့နယ်မှ ပျူစောထီးခေါင်းဆောင်အိမ်ကို ဗုံးဖြင့်တိုက်ခိုက်

ချမ်းအေးသာစံမြို့နယ်မှ ပျူစောထီးခေါင်းဆောင်အိမ်ကို ဗုံးဖြင့်တိုက်ခိုက်

ဇူလိုင် ၆

မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် သာပေါင်းခြံအနှိပ်တော်ရပ်ကွက်ရှိ ပျူစောထီးခေါင်းဆောင် ဦးအေးကျော်၏အိမ်ကို ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းက Anonymous Force Mandalay(AFM)မှ လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဦးအေးကျော်သည် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ပြီး ရပ်ကွက်အတွင်း သတင်းပေးလုပ်ငန်း များဆောင်ရွက်ခြင်းအပြင် ဧည့်စာရင်းစစ်ဆေးခြင်း၊ စစ်တပ်နှင့်ပေါင်းကာ ပြည်သူလူထုကို စိတ်အနှောင့် အယှက်ပေးခြင်းများပြုလုပ်ခဲ့သဖြင့် ယခုကဲ့သို့ပြုလုပ်ရခြင်းဖြစ်ကြောင်း AFM မှ တာဝန်ရှိသူက မဇ္ဈိမသို့ ပြောသည်။

“စကစနဲ့ပေါင်းပြီး ပြည်သူလူထုကို အနှောင့်အယှက်ပေးနေတဲ့အတွက် တိုက်ခိုက်ခဲ့တာပါ” ဟု တာဝန် ရှိသူက ဆိုသည်။

ဗုံးဖြင့်တိုက်ခိုက်ရာတွင် ဦးအေးကျော်မှာနေအိမ်အတွင်း၌ရှိနေသဖြင့် လူထိခိုက်မှုမရှိခဲ့ဘဲ ဆိုင်ကယ်နှင့် နေအိမ်သာထိခိုက်ခဲ့ကြောင်းဆိုသည်။ ၎င်းသည် ရပ်ကွက်အတွင်းသွားလာရာတွင် တပည့်နှစ်ယောက် အပြင် သေနတ်အတိုတစ်လက် ဆောင်ပြီးသွားလာလေ့ရှိကြောင်း သိရသည်။

ပျူစောထီးများနှင့် စစ်တပ်သတင်းပေးဒလန်းများသည် ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့်ပတ်သက် သည့် သတင်းအချက်အလက်များကို စစ်ကောင်စီတပ်သို့ပေးခြင်းများကြောင့် ဖမ်းဆီးခံရသူ အများအပြား ရှိနေသဖြင့် ယခုကဲ့သို့ တိုက်ခိုက်မှုများပြုလုပ်ရခြင်းဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။

#Mizzima

#မန္တလေးတိုင်း

#ပျူစောထီးခေါင်းဆောင်

#ဗုံးဖြင့်တိုက်ခိုက်

#ချမ်းအေးသာစံမြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required