တမူးမြို့တွင် အိန္ဒိယနိုင်ငံသား ၂ ဦး ပစ်သတ်ခံရ 

တမူးမြို့တွင် အိန္ဒိယနိုင်ငံသား ၂ ဦး ပစ်သတ်ခံရ 

ဇူလိုင် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အိန္ဒိယနိုင်ငံသားနှစ်ဦး သေနတ်ဖြင့်ပစ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

 ဇူလိုင်လ ၅ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်တွင် တမူးမြို့၊ စော်ဘွားရပ်ကွက်ရှိ အမှတ် (၄) အထက်တန်းကျောင်းအနီးတွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

 “ သူတို့က တမူးမှာရှိတဲ့ သူတို့သူငယ်ချင်းဆီကို မွေးနေ့သွားကြပြီး အပြန်မှာ ကျောင်းမှာနေတဲ့ ပျူစောထီးတွေက သူတို့ဆိုင်ကယ်ကိုတားတယ်။ သူတို့က နားမလည်လို့လား မကြားလို့လားမသိဘူး။ ရပ်မပေးဘူး။ အဲဒါနဲ့ အနောက်က ဆိုင်ကယ် နှစ်စီးနဲ့ လိုက်ပစ်ကြတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ဒေသခံတစ်ဦးမှ မဇ္စျိမသို့ ပြောသည်။

သေဆုံးခဲ့သူများမှာ တမီးလ်လူမျိုးများဖြစ်ကြပြီး Gamnom Veng Ward No,2 တွင်နေထိုင်သူ P Mohan (၂၈) နှစ် နှင့် Phaicham Veng Moreh Ward No, 4 တွင် နေထိုင်သူ M Iyarnar (၃၅) နှစ် တို့ ဖြစ်ကြောင်း  အိန္ဒိယမီဒီယာများမှလည်း ဖော်ပြသည်။

အဆိုပါလူငယ်နှစ်ဦး ပစ်သတ်ခံရမှုနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့ခံများဒေါသထွက်နေကြကာ လူစုလူဝေးဖြင့် ရဲစခန်းသို့သွားရောက်၍ လူသတ်တရားခံများ ဖော်ထုတ်ပေးရေးနှင့် အလောင်းများ ပြန်လည်ရယူနိုင်ရေး ဆောင်ရွက်ပေးကြရန် တောင်းဆိုခဲ့ကြောင်း ဆိုသည်။ 

တစ်ချိန်တည်း၌ပင် မိုးရေးမြို့သို့ရောက်ရှိနေသော မြန်မာနိုင်ငံသားများ၊ ဈေးရောင်းဈေးဝယ်သူများသည်လည်း ဒေသခံများမှနေ၍ တစ်စုံတစ်ရာတုံ့ပြန်မည်စိုးသဖြင့် တမူးဘက်သို့ ပြန်ခဲ့ရသည်။ 

သေနတ်နှင့်ပစ်ခံရသူ သူနှစ်ဦး၏ ရုပ်အလောင်းကို တမူးမြို့ဆေးရုံတွင် ဆက်လက်ထားရှိပြီး စစ်ကောင်စီဘက်မှ အလောင်းဖျောက်ဖျက်ရန်ရည်ရွယ်၍ မီးရှို့ပစ်ရန်စီစဉ်လျက်ရှိကြောင်း ဆိုသည်။ 

အကယ်၍ ရုပ်အလောင်းများကို မိသားစုဝင်များမှပြန်မရခဲ့ပါက မိုးရေးမြို့တွင် အခြေအနေတင်းမာလာနိုင်ပြီး ဆန္ဒပြပွဲများ၊ လူအစုအဝေးများဖြင့် တောင်းဆိုမှုများ ဆက်လက် ဖြစ်ပေါ်လာနိုင်ကြောင်းလည်း သုံးသပ်ပြောဆိုနေကြသည်။

 အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့နှင့် မြန်မာနိုင်ငံ၊ တမူးမြို့သည် နယ်စပ်ချင်းကပ်လျှက်တည်ရှိနေပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးဂိတ်များဖွင့်လှစ်ကာ နှစ်နိုင်ငံသဘောတူညီချက်အရ ဈေးဝယ်သည်ဖြစ်စေ အလည်ပတ်ဖြစ်စေ တစ်ဖက်နိုင်ငံအတွင်းသို့ ၁၅ ကီလိုမီတာအထိ ဝင်ရောက်ခွင့်ပေးထားကြောင်း သိရသည်။
#မိုးရေး
#အိန္ဒိယနိုင်ငံသား
#ပစ်သတ်ခံရ
#ပျူစောထီး
#တမူး
#မြန်မာနိုင်ငံသား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required