ရန်ကုန်မြို့တွင် ငလျင်လှုပ်ခတ်၊ မြို့နယ်အများစု ခံစားခဲ့ရ

ရန်ကုန်မြို့တွင် ငလျင်လှုပ်ခတ်၊ မြို့နယ်အများစု ခံစားခဲ့ရ

ဇွန် ၅

ရန်ကုန်မြို့တွင် ငလျင်လှုပ်ခတ်ခဲ့ပြီး မြို့နယ်အများစု ငလျင်ဒဏ်ခံစားခဲ့ရကြောင်း ရန်ကုန်မြို့တွင်နေထိုင်သူများက ပြောသည်။

ယနေ့ ဇူလိုင် ၅ ရက် နံနက် ၇ နာရီခွဲကျော်အချိန်တွင် လှုပ်ခတ်ခဲ့ပြီး အင်းစိန်၊ လှိုင်၊စမ်းချောင်း၊ သာကေတ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ အစရှိသည့်မြို့နယ်များတွင် နေထိုင်သူများ ခံစားခဲ့ရသည်။

"ငလျင်က ဆွဲခါသွားသလိုပဲ။ ကျွန်မတို့မြေညီထပ်တောင် သိတယ်ဆိုရင် အထပ်မြင့်တိုက်တွေဆို ပိုသိမယ်" ဟု လှိုင်မြို့နယ်တွင် နေထိုင်သူတစ်ဦးကပြောသည်။

ရန်ကုန်မြို့တွင် လှုပ်ခတ်ခဲ့သည့်ငလျင်မှာ အင်အား ရစ်ချ်တာစကေး ၃ အဆင့်ရှိကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

"ငလျင်လှုပ်သွားတာ ပထမက သိပ်မသိသာဘူး။ နောက်တခါကျတော့ ဘေးတိုက်ကြီးလှုပ်သွားတာ" ဟု မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူတစ်ဦးကပြောသည်။

ဇူလိုင် ၅ ရက်၊ မြန်မာစံတော်ချိန် ၇ နာရီ၊ ၃၉ မိနစ်၊ ၃ စက္ကန့်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် နှစ်မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ရန်ကုန်မြို့၊ လှိုင်မြို့နယ်၏ အရှေ့မြောက်ဘက် တစ်မိုင် ခန့်အကွာ မြောက်လတ္တီတွဒ် ၁၆ ဒသမ ၈၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၁၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး ၃ ဒသမ ၀ အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း စစ်ကောင်စီ၏ မိုးလေဝသဌာနက ထုတ်ပြန်ထား သည်။

#mizzima

#ရန်ကုန်မြို့

#မြေငလျင်စခန်း

#မြောက်ဥက္ကလာပ

#ဘေးတိုက်ကြီးလှုပ်သွားတာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly