ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ဦးသေဆုံး

ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ဦးသေဆုံး

ဇူလိုင် ၄

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ငါးဦးသေဆုံးကြောင်း Chaung U Local Defence Forceမှ ယနေ့ ဇူလိုင်လ ၄ ရက်တွင် သတင်းထုတ်ပြန်သည်။

ချောင်းဦးမြို့၏ အရှေ့ဘက်ရှိ နတ်ရေကန်ကျေးရွာနှင့် ဂွေးပင်တောကျေးရွာအကြား လမ်းခုလတ်တစ်နေရာတွင် ကင်းပုန်းဝပ်ရာမှ ပြန်လာသော အင်အား ၁၅ဦးပါ စစ်ကောင်စီခြေလျင်တပ်ကို Chaung U Local Defence Force (CHU LDF) မှ မိုင်းစစ်သည်တော်များက ယနေ့ နံနက် ၅နာရီ ၃၀ မိနစ်အချိန်တွင် အသင့်စောင့်ဆိုင်းကာ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

"စစ်ခွေးတွေက ညကတည်းက ချောင်းဦး - မြင်းမူ လမ်းမပေါ်မှာ ကင်းပုန်းဝပ်နေကြတာ။ မနက်ပိုင်း ကင်းဖြုတ်တဲ့အချိန် ကျွန်တော်တို့ CHU LDF မှ ရဲဘော်တွေက လေးလုံးတွဲ ပဒေသာမိုင်းကို အသုံးပြုပြီး မိုင်းခွဲတိုက်ခိုက်ခဲ့တာပါ။ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ခွေး ငါးကောင် နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ မြေပြင်မျက်မြင် သတင်းပေးပို့ချက်များအရ ဝမ်းမြောက်စွာ ကြားသိရပါတယ်" ဟု CHU LDFမှ တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် မိုင်းစထိမှန်ခြင်းမရှိသည့် စစ်ကောင်စီတပ်သားများမှ CHU LDF တပ်ဖွဲ့ဝင်များ ရှိနိုင်မည့် နေရာများသို့ ရမ်သန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး CHU LDFတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ Farmers Revolution Force (CHU)နှင့် Monywa Lightning PDF အဖွဲ့အစည်းများမှ ဝိုင်းဝန်း၍ ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။

ယမန်နေ့ကလည်း CHU LDF မှ ထောင်ထားသည့် ပွိုင့် နှစ်ခုမှ မိုင်းများ အဖော်ခံရပြီး စစ်ခွေးများလက်ထဲသို့ ရောက်ရှိသွားသဖြင့် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ရန် မအောင်မြင်ခဲ့ကြောင်းလည်း အသိပေးထားသည်။

#mizzima

#ချောင်းဦးမြို့နယ်

#စစ်ကောင်စီခြေလျင်တပ်

#မိုင်းခွဲတိုက်ခိုက်

#၅ဦးသေဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required