မန္တလေးတွင် ရာအိမ်မှူးနေအိမ် မီးပုလင်းပစ်ခံရပြီး တစ်အိမ်လုံး ပြာကျ

မန္တလေးတွင် ရာအိမ်မှူးနေအိမ် မီးပုလင်းပစ်ခံရပြီး တစ်အိမ်လုံး ပြာကျ

ဇွန် ၂၈

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက် ရှိ ရပ်ကွက်ရာအိမ်မှူးတစ်ဦး၏ နေအိမ် ဇွန်လ ၂၈ ရက်၊ နံနက်ပိုင်းတွင် မီးပုလင်းပစ်ခံရပြီး တစ်အိမ်လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

“ မီးပုလင်းနဲ့ပစ်ပေါက်သွားတာလို့သိရတယ်။ ကျွန်တော်တို့ရောက်တော့ မမီတော့ပါဘူး။ တစ်အိမ်လုံး ပြာကျသွားပြီးပြီ။ သူ့တစ်အိမ်ထဲလောင်တာပါ။ အခု အိမ်ရှင်ကတရားစွဲထားတယ်” ဟု မီးသတ်ဦးစီးဌာန သတင်းရင်းမြစ်တစ်ဦးကလည်း အတည်ပြုပြောသည်။

မီးပုလင်းပစ်ခံရသည့်နေအိမ်သည် ပြည်ကြီးတံခွန်မြို့နယ် (စ)ရပ်ကွက် ၁၂၃ လမ်း၊ လမ်း ၆၀ နှင့် ၆၁ လမ်းကြားမှ စစ်ကောင်စီခန့် ရပ်ကွက်ရာအိမ်မှူး ဒေါ်ရတနာစိုးဆိုသူ၏ နေအိမ်ဖြစ်ကြောင်းသိရသည်။

ဇွန်လ ၂၈ ရက် နံနံနက်အစောပိုင်း ၁ နာရီခွဲအချိန်ခန့်တွင် လူလေးဦးက ဆိုင်ကယ်တစ်စီးဖြင့် လာရောက်ကာ နေအိမ်ရှေ့မှနေ၍ မီးပုလင်းဖြင့် ပစ်သွားခြင်း ဖြစ်ကြောင်း ရပ်ကွက်ဒေသခံများကဆိုသည်။

မီးလောင်မှုကြောင့် နေအိမ်တစ်လုံးလုံး မီးလောင်ပြာကျခဲ့ပြီး နေအိမ်အတွင်းရှိ ဆိုင်ကယ်နှစ်စီးလည်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

လတ်တလောတွင် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် သိန်းနှစ်ဆယ်ဖြစ်ကြောင်း တိုင်းမီးသတ်ဦးစီးဌာနနှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။

#မန္တလေး

#ရာအိမ်မှူး

#မီးလောင်ပြာကျ

#မီးပုလင်း

#ပြည်ကြီးတံခွန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly