အကျဉ်းထောင်များသို့ သွားရောက်​လေ့လာရန် တောင်းဆိုမှု စစ်ကောင်စီကသဘောမတူသေး

အကျဉ်းထောင်များသို့ သွားရောက်​လေ့လာရန် တောင်းဆိုမှု စစ်ကောင်စီကသဘောမတူသေး

ဇွန် ၂၈

အကျဉ်းထောင်များသို့ သွားရောက်​လေ့လာရန် တောင်းဆိုမှု စစ်ကောင်စီက သဘောမတူသေးကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီက နိုင်ငံရေးအကျဥ်းသားများကို ဖမ်းဆီးထိန်းသိမ်းထားရာတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုးရွားနေသည်ဟုသတင်းများထွက်ပေါ်နေချိန်တွင် ICRC ၏ တောင်းဆိုမှု သဘောတူညီချက်မရရှိသေးခြင်းဖြစ်သည်။

ICRC ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးမှာ ယခု၂၀၂၂ ခုနှစ် ဇွန်လတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် စစ်ကောင်စီ၏ ဝန်ကြီးဌာနများနှင့် တွေ့ဆုံခဲ့သည်။

အကျဥ်းထောင်များသို့ သွားရောက်လေ့လာသုံးသပ်သည့် ICRC ၏ လုပ်ငန်းစဥ်များနှင့် အကျဥ်းသားမိသားစုဝင်များက ထောင်ဝင်စာတွေ့နိုင်ရန် ICRC ညွှန်ကြားရေးမှူးက တောင်းဆိုခဲ့သည်။

" အဆိုပါ အချက်နှစ်ချက်အပေါ် အကျဥ်းထောင် အာဏာပိုင်များနှင့် သဘောတူညီမှု မရသေးသည့်အတွက် ICRC က စိတ်မကောင်းဖြစ်ရပါသည်" ဟု ICRC ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

COVID-19 ကပ်ရောဂါအကြောင်းပြကာ အကျဥ်းထောင်များတွင် ထောင်ဝင်စာတွေ့ခွင့်ကို ၂၀၂၀ မတ်လတွင် စတင်ပိတ်ပင်ခဲ့ပြီး လက်ရှိအချိန်အထိ ဖွင့်ပေးခြင်းမရှိသေးပေ။

ဖမ်းဆီးခံရသူများနှင့် မိသားစုဝင်များအတွက် အထောက်အပံ့ဖြစ်စေမည့်လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ရန် သန္နိဌာန်ချထားသည်ဟု ICRC ကဆိုသည်။

#Mizzima

#ICRC

#အကျဥ်းထောင်

#လူ့အခွင့်အရေးချိုးဖောက်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required