သျှမ်းနီလူငယ်ကို PDFကဖမ်းဆီးသွားပြီး ပြန်လွှတ်ပေးခြင်းမရှိသေး

သျှမ်းနီလူငယ်ကို PDFကဖမ်းဆီးသွားပြီး ပြန်လွှတ်ပေးခြင်းမရှိသေး

ဇွန် ၂၂

စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့နယ်တောင်ပိုင်း သျှမ်းနီစာပေနှင့်ရိုးရာယဉ်ကျေးမှု တာဝန်ခံ စိုင်းကျန်အောင်(ခ)ဆေလိုင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF)များက ဇွန်လ ၁၉ရက်နေ့တွင် ဖမ်းဆီး ခေါ်ဆောင်သွားပြီး လက်ရှိအချိန်အထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း သျှမ်းနီလူငယ်ကွန်ရက်မှ သိရသည်။

ဗန်းမောက် မြို့နယ် သျှမ်းနီလူငယ်ကွန်ရက် ဥက္ကဋ္ဌ စိုင်းထွန်းအောင်က “ဖမ်းသွားတာက တော့ PDFတွေဆိုတာတော့ သေချာတယ်။ ဘယ်အဖွဲ့ကလည်းဆိုတာတော့ သေသေချာချာမပြောပြနိုင်တာ အဲဒါက အခက်အခဲတစ်ခုပေါ့လေ” ဟု မဇ္ဈိမကိုပြောသည်။

စိုင်းကျန်အောင်သည် ဗန်းမောက်မြို့နယ် တောင်ပိုင်းသျှမ်းနီစာပေနှင့်ယဉ်ကျေးမှုတာဝန်ခံ တစ်ဦးဖြစ်သကဲ့သို့ ဗန်းမောက်မြို့နယ် သျှမ်းနီလူငယ်ကွန်ရက်၏ ဒုတိယဥက္ကဋ္ဌတစ်ဦးလည်းဖြစ်သည်။ စိုင်းကျန်အောင်သည် ပြီးခဲ့သည့် ဇွန်လ ၁၉ရက်နေ့တွင် ဗန်းမောက်မြို့နယ်၊မံကပ်ဒေသစိတ် မံကပ်ကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

သျှမ်း စာပေတိုးတက်ရေး ခရီးစဉ်တစ်ခု သွားပြီးအပြန် ဘုန်းကြီးကျောင်းအတွင်း၌ နားနေစဉ် လက်နက်ကိုင်များက သေနတ်ပစ်ဖောက် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းပေါ်သို့ ဖိနပ်မချွတ်ဘဲ တက်ကာ ရှာဖွေမှုများပြုလုပ်၍ စိုင်းကျန်အောင်ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဖမ်းဆီးခံခဲ့ရစဉ်က အတူရှိနေသည့် ဦးပဉ္စင်း တစ်ပါး၏ ပြောပြချက်ကို ကိုစိုင်းထွန်းအောင်က မဇ္ဈိမကိုပြောသည်။

“ဒါက မဖြစ်သင့်ဘူး ဖမ်းသွားတဲ့ အဖွဲ့အစည်းတွေကိုလည်း အမြန်ဆုံးပြန် ပြီးတော့ လွှတ်စေချင်တယ်” ဟု စိုင်းထွန်းအောင်ကဆိုသည်။

ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး လက်ရှိအချိန်ထိ မည်သည့်အဖွဲ့က ပြုလုပ်သည်ဟူ ၍ သိရှိရခြင်းမရှိသေးဘဲ မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသည်ကိုလည်း သိရှိရခြင်းလည်း မရှိသေးကြောင်း သိရသည်။

စိုင်းကျန်အောင် ဖမ်းဆီးခံရမှုကို သျှမ်းနီအဖွဲ့အစည်းများက လက်နက်ကိုင်တပ်ဖွဲ့ဝင်မဟုတ်သော အရပ်သားပြည်သူတစ်ဦးအား ဖက်ဆစ်ဆန်ဆန် ဖမ်းဆီးသွားမှုကို ကန့်ကွက်ရှုတ်ချကြောင်းနှင့် ဖမ်းဆီးခံထားရချိန်တွင် တစ်စုံတစ်ရာဖြစ်ပွားပါကလည်း PDFများ၏ တာဝန်သာဖြစ်ပြီး တာဝန်ခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မနေ့ကပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းစာရှင်းလင်းပွဲတွင် “ကျူးလွန်တဲ့တပ်က MODရဲ့ Chain OF Command(COC) အောက်မှာရှိတဲ့ PDFတွေလား Local Defenseလား ဆိုတာ ပြန်ပြီးတော့ စုံစမ်းရမှာ ဖြစ်ပါတယ်။ COC အောက်မှာ လုံးလုံးလျားလျား ရောက်နေပြီဖြစ်တဲ့ တပ်ဖွဲ့တွေဆိုရင်တော့ MODကဖြေရှင်းသွားရမှာဖြစ်ပါတယ်၊ နောက်ဆုံးရထားတဲ့ သတင်းအရတော့ ပြန်လွှတ်လိုက်ပြီလို့သတင်းရပါတယ်။ ဖမ်းဆီး တဲ့ အဖွဲ့က NUGက ဟုတ်မဟုတ် အသေးစိတ် ဘာကြောင့် ဖြစ်တယ်ဆိုတာကို စုံစမ်းစစ်ဆေးတဲ့အခြေအနေမှာရှိတယ်လို့ သိရပါတယ်” ဟုတာဝန်ရှိသူတစ်ဦးက ဖြေကြားခဲ့သည်။

မဇ္ဈိမအနေဖြင့် ဇွန်လ၂၂ရက်နေ နံနက်ပိုင်းအထိ သျှမ်းနီလူငယ်အဖွဲ့အစည်းများထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာတွင် လက်ရှိပြန်လွတ်လာခြင်းမရှိသေးဘဲ အဆက်အသွယ်ပြတ်တောက်နေဆဲဟု သာဆိုခဲ့သည်။

#mizzima

#သျှမ်းနီလူငယ်

#ဖမ်းဆီးခံထားရ

#COC

#အမျိုးသားညီညွတ်ရေးအစိုးရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required