ကျောက်တော်မြို့မရဲစခန်းရှေ့ အရက်သောက်နေသည့် ရဲ ၃ ဦးကို AA ဖမ်းဆီး

ကျောက်တော်မြို့မရဲစခန်းရှေ့ အရက်သောက်နေသည့် ရဲ ၃ ဦးကို AA ဖမ်းဆီး

June 21

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ မြို့မရဲစခန်းရှေ့ရှိ အရက်ဆိုင်တွင် အရက်သောက်နေသည့် ရဲတပ်ဖွဲ့ဝင် သုံးဦးကို ရက္ခိုင့်တပ်တော် (AA)က ဖမ်းဆီးသွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။

ဇွန်လ ၂၀ ရက် ညနေ့ ၆ နာရီခန့်တွင် ဒုရဲအုပ် တစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦးနှင့် တပ်သား တစ်ဦး စုစုပေါင်း သုံးဦးကို အရက်သောက်နေစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များ၏ အမည်များကိုမသိရသေးကြောင်း သိရသည်။

“ ဒီကနေ့ ညနေ ၆ နာရီဝန်းကျင်မှာ ရဲစခန်းရှေ့နားက ဆိုင်မှာ သူတို့ အရက်သောက်နေကြတဲ့အချိန်မှာ လာဖမ်းသွားတာ။ ခေါ်သွားတဲ့အခါမှာလည်း ဆူဆူပူပူတောင်မရှိခဲ့ဘူး ။ အသာတကြည်နဲ့ လိုက်သွားကြတယ် ” ဟု ကျောက်တော်မြို့ဒေသခံတစ်ဦးက ဇွန်လ ၂၀ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့တွင် ကျောက်တော်မြို့။ မြို့ထဲနှင့် မြို့ပြင်နေရာတချို့၌ စစ်ကောင်စီတပ်က စစ်ဆေး၊ လှုပ်ရှားသွားလာမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ ကျောက်တော်မြို့တွင်းရှိ စစ်ကောင်စီတပ်များ အင်းအားတိုးချဲ့ နေရာချထားမှုများ ရှိနေသည့်အချိန်တွင် ရဲတပ်ဖွဲ့ဝင် သုံးဦးဖမ်းဆီးခံလိုက်ရခြင်းလည်း ဖြစ်သည်။

“ အခုက အင်အား သုံးလေးဆ လောက်တောင် တိုးချဲ့ထားတာတွေရှိတယ်။ ကျောက်တော်မြို့ ရထားဘူတာမှာ တပ်စွဲတားတာတောင် အရင်က ၃၀၊ ၄၀ ဝန်းကျင်လောက်ပဲရှိတာ အခုက ၈၀ ကျော် လောက်ရှိတယ်။ တပ်စွဲထားတဲ့ နေရာတိုင်းမှာ အင်အားတိုးချဲ့ထားတာ။ ဒီနေ့က ညပိုင်းဖမ်းသွားတာဆိုတော့ လမ်းသွားလမ်းလာတွေလည်းနည်းတယ်။ ဘယ်လိုဖြစ်လာမှာဆိုတာ မသိရဘူး ” ဟု ကျောက်တော်မြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့တွင်လည်း ကျောက်တော်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို ရက္ခိုင့်တပ်တော်(AA) က ဖမ်းဆီးခဲ့သေးသည်။

ရခိုင်ပြည်နယ်အတွင်းတွင် စစ်ကောင်စီက ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ၏ နေအိမ်များအထိဝင်ရောက်ပြီး ညအချိန်တွင်ဖမ်းဆီးမှုများပြုလုပ်လျက်ရှိသည်။

အခုကဲ့သို့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များကိုဖမ်းဆီးနေသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်လည်ဖမ်းဆီးရခြင်းဖြစ်သည်ဟု ဇွန်လ ၁၄ ရက်နေ့တွင် ပြုလုပ်သည့် တတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခကပြောဆိုခဲ့ဖူးသည်။

#ကျောက်တော်မြို့

#မြို့မရဲစခန်း

#ရဲတပ်ဖွဲ့ဝင်

#ဖမ်းဆီးခံရ

#ရက္ခိုင့်တပ်တော်

#AA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required