ရေဖြူတွင် စစ်ကောင်စီ သတင်းပေး ဟု နာမည်ထွက်နေသည့် မိသားစုဝင်း ၄ ဦး အသတ်ခံရ

By ကိုရွှေမြိတ်
19 June 2022
ရေဖြူတွင် စစ်ကောင်စီ သတင်းပေး ဟု နာမည်ထွက်နေသည့် မိသားစုဝင်း ၄ ဦး အသတ်ခံရ

ရေဖြူ၊ဇွန်လ(၁၉)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့၊ အင်းပြား အမှတ်(၄) ရပ်ကွက်တွင် လောင်းလုံးမှ ထွက်ပြေးတိမ်းရှောင်လာသော စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်နေသည့် မိသားစုဝင် လေးဦးကို ဇွန်လ ၁၈ ရက်နေ့၊ ည ၉ နာရီ အချိန်ခန့်တွင် သေနတ်ဖြင့် လာရောက် ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။

အဆိုပါ စစ်ကောင်စီ သတင်းပေးဟု စွပ်စွဲချက်ဖြင့် ပစ်သတ်ခံရသည့် မိသားစု လေးဦးထဲတွင် အသက် ၁၅ နှစ် အရွယ် ကလေးငယ် တစ်ဦး ပါဝင်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

ရေဖြူမြို့နေ ဒေသခံ တစ်ဦးက“သူတို့ မိသားစုထဲက အသက် ငါးနှစ် အရွယ် ကလေးငယ် တစ်ဦးကိုတော့ လွှတ်ပေးခဲ့တယ် ကျန်တာ အကုန်ပစ်သတ်ခံလိုက်ရတယ်”ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီ သတင်းပေး မိသားစုဝင် လေးဦးကို SPRlNG DHAMMA PDF ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်း မိသားစုဝင်များသည် လောင်းလုံးမြို့နယ် ကျောက်ဆင်အုပ်စု ကရင်ကြီးရွာမှ မိသားစုဝင်များ ဖြစ်ကြပြီး ၎င်းတို့သည် ရေဖြူမြို့နယ်ရှိ အင်းပြား ရပ်ကွက် အတွင်းရှိ ခြံတစ်ခုတွင် တဲထိုးပြီး လာရောက် တိမ်းရှောင်နေသည်မှာ သုံးလခန့် ရှိနေစဥ် သုတ်သင် ရှင်းလင်း ခံရကြောင်း သိရသည်။

သေဆုံးသူ လေးဦးမှာ အသက် ၅၂ နှစ် အရွယ် ဒေါ်တင်သိန်း၊ အသက် ၆၂ နှစ် အရွယ် ဦးလှသိန်း၊ အသက် ၂၆ နှစ် အရွယ် ကိုမင်းဝေဦးနှင့် အသက် ၁၅ နှစ် အရွယ် မောင်ဟိန်းထက်အောင် တို့ ဖြစ်သည်။

၎င်းတို့ မိသားစုဝင်များကြောင့် လောင်းလုံးမြို့နယ်တွင် အဖမ်းခံရပြီး နှစ်ရှည် ထောင်ဒဏ် ကျခံနေရသူများ၊ နည်းအမျိုးမျိုးနှင့် တိမ်းရှောင်နေရသည့် ပြည်သူအများအပြားရှိကြောင်း SPRlNG DHAMMA PDF ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထား သည်။

#mizzima

#ထားဝယ်ခရိုင်

#စစ်ကောင်စီသတင်းပေး

#ကာကွယ်ရေးတပ်ဖွဲ့

#သုတ်သင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly