လောင်းလုံးတွင် စစ်ကောင်စီတပ်သားများ ပြည်သူ ၃ ဦးကို သေနတ်ဖြင့် ပစ်သတ်၍ နေအိမ်များအား မီးရှို့ဖျက်ဆီး

By ကိုရွှေမြိတ်
17 June 2022
လောင်းလုံးတွင် စစ်ကောင်စီတပ်သားများ ပြည်သူ ၃ ဦးကို သေနတ်ဖြင့် ပစ်သတ်၍ နေအိမ်များအား မီးရှို့ဖျက်ဆီး

ဇွန် ၁၇

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ ကျေးရွာ နှစ်ရွာကို ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်များ ဝင်ရောက်ခဲ့ပြီး ဒေသခံများအား သေနတ်ဖြင့် ပစ်သတ်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သည် အင်အားအများပြားဖြင့်ဝင်ရောက်၍ ဒေသခံ အချို့ကို ဖမ်းဆီး၍ သေနတ်ဖြင့် ပစ်ခတ်သောကြောင့် သုံးဦး သေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နေအိမ်များလည်း မီးရှို့ ဖျက်ဆီးခံခဲ့ရကြောင်း ဒီမိုကရေစီ အရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) ထံက သိရသည်။

“စစ်တပ်ရဲ့လုပ်ရပ်တွေဟာ ပြောစရာနှိုင်းစရာ မရှိလောက်အောင်ဘဲ ယုတ်မာပက်စက် လွန်းတယ်။ ဘာမှ အပြစ် မရှိတဲ့ အရပ်သား ပြည်‌သူတွေကို ကြက်ကလေး ငှက်ကလေး သတ်သလိုသတ်၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီး‌တာတွေဟာ ဖက်ဆစ်မှ တကယ့် ဖက်ဆစ်‌ပါပဲ။ ဒါပေမဲ့ ကျွန်တော်ပြည်သူ‌တွေဟာ ကြောက်ပြီး ငြိမ်သွားမယ့် အစားထဲက မဟုတ်ဘူး။ သူတို့ရဲ့လူသတ် လက်နက်တွေနဲ့ပြည်သူလူထုရဲ့ တော်လှန်လို တဲ့ စိတ်ကို ဘယ်တော့မှ ချိုးနှိပ်လို့ ရမှာမဟုတ်ဘူး။ ကျွန်တော်တို့မှာ ရွေးချယ်စရာဆိုလို့ တစ်ခုပဲရှိတယ်။ အဲ့ဒါကတော့ လွတ်မြောက်မှုအတွက် တော်လှန်ပုန်ကန်နေဦးမှာ” ဟု ဒီမိုကရေစီ အရေးလှုပ်ရှားမှု သပိတ် ကော်မတီ (ထားဝယ်ခရိုင်) မှ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုအားကောင်းသည့် လောင်းလုံးမြို့နယ် အတွင်းရှိ ကျေးရွာများတွင် CDM သမားများနှင့်နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးမည်ဟု သတင်းထွက်ပေါ်ပြီးနောက် စစ်ကောင်စီတပ်များသည် ဇွန်လ ၁၆ ရက်နေ့ ည ၁၀ နာရီ အချိန်တွင် ဝေဒီကျေးရွာနှင့် ဂေါ့အင်းကျေးရွာရှိ နေအိမ်များသို့ အကြမ်းဖက်ဝင်ရောက်ဖမ်းဆီး၍ ယခုကဲ့သို့ ရက်ရက်စက်စက် ပစ်သတ်မှုများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ တစ်ဦးထံကသိရသည်။

လောင်းလုံးမြို့နယ်သို့ ဝင်ရောက် လာသည့် စစ်ကောင်စီ တပ်ဖွဲ့ အင်အား ၁၅၀ ဦး သည် ဝေဒီကျေးရွာတွင် သေနတ်ဖြင့်ပစ်ခတ် ဝင်ရောက်ပစ်ခတ်ခဲ့ပြီး နေအိမ် တစ်လုံးကို မီးရှို့ ဖျက်ဆီးခဲ့သည်။ ထို့ပြင် အဆိုပါ နေအိမ်ပိုင်ရှင် မနွယ်နီဌေးကို ဖမ်းဆီးခေါ်ဆောင်၍ လမ်းတစ်နေရာတွင် သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ကာ စွန့်ပစ်ထားခဲ့ပြီး ရွာသားအချို့၏ ကူညီမှုကြောင့် အချိန်မီ ဆေးရုံတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီတပ်သည် ဂေါ့အင်းကျေးရွာကို အကြမ်းဖက် ဝင်ရောက် စီးနင်းခဲ့ပြီး မအေမီဖြိုးဝေကို သေနတ်ဖြင့် ပစ်ခတ်၍ပွဲချင်းပြီး သေဆုံးခဲ့ကာ ၎င်း၏ နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ယင်းနောက် စစ်ကောင်စီတပ်သည် ယနေ့ ဇွန်လ ၁၇ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်ခန့်က ဂေါ့အင်းကျေးရွာ၊ ကြယ်တောင်အနီးတွင် အမျိုးသား နှစ်ဦးကို ထပ်မံ ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးပြီး ကျန်တစ်ဦးဖြစ်သူ ကိုနေလင်းအား အချိန်မီဆေးရုံသို့ တင်ပို့ နိုင်ခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီ တပ်သားတွေက ဒီနေ့ဆိုရင် အမျိုးသမီးတွေ အပါဝင်ပေါ့ အပြစ်မဲ့ ပြည်သူ အမျိုးသမီးတွေကို ဖမ်းဆီး အိမ်ပြင်ဆွဲထုတ်ပြီး ဦးခေါင်းကို သေနတ်နဲ့တေ့ပြီး ပစ်တဲ့ လုပ်ရပ်မျိုး ပေါ်ပေါ် ထင်ထင် လုပ်လာတာ တွေ့ရတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ တော်လှန်နေတဲ့ စိတ်ဓါတ်တွေကို ပျက်စီးအောင် လုပ်တယ်လို့ပဲ မြင်တယ်” ဟုလောင်းလုံးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ (ပ.အ.ဖ) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၅၀ ခန့်သည် လောင်းလုံးမြို့သို့ ရောက်ရှိနေပြီး CDM ဝန်ထမ်းများ အပါအဝင် ပြည်သူ ခုနစ် ဦးကို ဖမ်းဆီးထားသည်။ စစ်ကောင်စီတပ်၏ မတရား ပစ်ခတ်မှုကြောင့် ကျေးရွာနေ ပြည်သူ သုံးဦး သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာ အပြင်း အထန် ရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

#Mizzima

#ထားဝယ်ခရိုင်

#လောင်လုံးမြို့နယ်

#စစ်ကောင်စီတပ်

#ပြည်သူသုံးဦး

#ပစ်ခတ်သတ်ဖြတ်

#နေအိမ်များ

#မီးရှို့ဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly