ပုဏ္ဏားကျွန်းတွင် စစ်ကောင်စီတပ်သားကို AA ကဖမ်းဆီးပြီးနောက် အရပ်သား ၁၀ ဦးခန့်ကို စစ်ကောင်စီက ဖမ်းဆီးသွား

ပုဏ္ဏားကျွန်းတွင် စစ်ကောင်စီတပ်သားကို AA ကဖမ်းဆီးပြီးနောက် အရပ်သား ၁၀ ဦးခန့်ကို စစ်ကောင်စီက ဖမ်းဆီးသွား

ဇွန် ၁၇

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် ဇွန်လ ၁၆ ရက်နေ့က ညနေ ၃ နာရီခန့်က စံပြရပ်ကွက်အနီးရှိ ဆောက်လုပ်ရေးပစ္စည်းဆိုင်တစ်ဆိုင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ရက္ခိုင့်တပ်တော် AA မှ ဖမ်းဆီး သွားပြီးနောက် (၅၅၀)တပ်ရင်းက နေအိမ်အချို့သို့ဝင်ရောက်စစ်ဆေးပြီး အရပ်သား ၁၀ ဦးခန့် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်သားနှစ်ဦးအား AA ကဖမ်းဆီးစဉ် တစ်ဦးမှာလွတ်မြောက်သွားပြီးနောက် ၅၅၀ တပ်ရင်းမှ စစ်သားများရောက်ရှိလာပြီး ဆောက်လုပ်ရေးဆိုင်မှ ဆိုင်ပိုင်ရှင်ကိုစစ်ဆေးရန် ခေါ်ဆောင်သွားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“တပ်ထဲက နှစ်ယောက်ကိုဖမ်းတော့ တစ်ယောက်က လွတ်သွားတာတဲ့။ ပြီးတော့ ၃ နာရီကျော်လောက် မှာ မြို့ထဲကိုဝင်စစ်တယ်။ ဆောက်လုပ်ရေးဆိုင်က ဆိုင်ပိုင်ရှင်ကိုလည်း ဖမ်းသွားတယ်။ အဲဒီနောက် အိမ် တွေကနေပြီး အရပ်သား ၁၀ ယောက်လောက်ကို ခေါ်သွားတယ်လို့ သိရတယ်” ဟု ၎င်းက ဆိုသည်။

ပုဏ္ဏားကျွန်းမြို့တွင် ဇွန်လ ၁၆ ရက်နေ့က ညနေ ၃ နာရီခန့်က (၅၅၀)တပ်ရင်းမှ စစ်သားများက သေနတ် ပစ်ဖောက်ခြင်း၊ နေအိမ်အချို့အား စစ်ဆေးခြင်းများကို လုပ်ဆောင်ခဲ့သည့်ဟု နောက်ထပ်မြို့ခံတစ်ဦးက လည်းဆိုသည်။

“ညနေဖက်ကလည်း သေနတ်ဖောက်တာတွေရှိတယ်။ မြို့ထဲမှာလည်း ဆိုင်ကယ်တွေကို စစ်ဆေးတာ တွေလုပ်တယ်။ ဒီနေ့တော့ သူတို့ ပြန်ဆုတ်သွားပါပြီ” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် စစ်ဆေးမေးမြန်းမှုများနှင့် သေနတ်ပစ်ဖောက်မှုများရှိနေသည့်အတွက် ပုဏ္ဏားကျွန်းရှိ ဈေး ဆိုင်များ ပိတ်ထားသည်ဟုလည်း ဒေသခံများကပြောကြားသည်။

“လက်ရှိမှာတော့ ဆိုင်ခန်းတစ်ခန်းမှ မဖွင့်ပါဘူး။ ဈေးဆိုင်တွေလည်း အားလုံးပိတ်ထားကြတယ်။ မြို့က လူတွေလည်း အပြင်တွေဘာတွေ မထွက်ရဲသေးဘူး” ဟု ဆိုသည်။

AA အနေဖြင့် ပြီးခဲ့သော ဇွန်လ ၁၁ ရက်နေ့ကလည်း ကျောက်တော်မြို့တွင် စစ်ကောင်စီတပ်သားနှစ်ဦးကို ဖမ်းဆီးထားသည်။

#Mizzima

#ရခိုင်ပြည်နယ်

#ပုဏ္ဏားကျွန်းမြို့

#ရက္ခိုင့်တပ်တော်

#(၅၅၀)တပ်ရင်း

#ဖမ်းဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required