ချောင်းဦးမြို့နယ်ရှိ တောကျောင်းလေးကျေးရွာအားမီးရှို့၍ ပြည်သူ ၄ ဦးကိုသတ်ဖြတ်

ချောင်းဦးမြို့နယ်ရှိ တောကျောင်းလေးကျေးရွာအားမီးရှို့၍ ပြည်သူ ၄ ဦးကိုသတ်ဖြတ်

ဇွန် ၁၇

ချောင်းဦးမြို့နယ်၊ တောကျောင်းလေးကျေးရွာအား စစ်ကောင်စီတပ်နှင့် ပျူစောထီးများမှ မီးရှို့ဖျက်ဆီးပြီးနောက် ပြည်သူ လေးဦးကို ဇွန်လ ၁၄ ရက်နေ့တွင် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၂ ရက်နေ့တွင် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်း အင်အား ၁၀၀ ကျော်ဖြင့် တောကျောင်းလေးကျေးရွာအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ထို့နောက် စစ်ကောင်စီတပ်များသည် ပြည်သူ ဦးရေ ၆၀ ကျော်ကို ဖမ်းဆီးပြီး ဒေသခံ လေးဦးအားမီးရှို့သတ်ဖြတ်ခဲ့ကြောင်း Chaung U People Defence Force အဖွဲ့ တာဝန်ရှိသူကပြောသည်။

" သူတို့အဲ့ရွာမှာ ၂ ရက် တပ်ဆွဲတယ်။ ရွာထဲမှာအကုန်မွှေနှောက်ပြီးယူတာ။ ပိုက်ဆံ၊ ရွှေ၊ နောက်ပြီးတော့ အိမ်မွေးတိရိစ္ဆာန် ၊ ခွေးတွေ ၊ဆိတ်တွေပါမကျန် အကုန်ယူသွားတာ။ ပြည်သူ လေးဦး အသတ် ခံရတယ်။ ဘယ်သူဘယ်ဝါလဲဆိုတာတော့ မသိရသေးဘူး။ ပြည်သူ ၁၈ ယောက်ကလည်း ပျောက်နေတယ်" ဟု ၎င်းကဆိုသည်။

တောကျောင်းလေးကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ချောင်ဦးမြို့သို့အပြန်တွင် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့များမှ ချောင်းဦး-အမြင့်လမ်းတွင် လေးကြိမ်၊ ချောင်ဦးမြို့တွင်း တစ်နေရာတွင် နှစ်ကြိမ်၊ ချောင်းဦးမြို့မှ အပြန် ညနေပိုင်းအချိန်တွင် ချောင်ဦးအမြင့်လမ်းပိုင်းတွင် မိုင်း လေးကြိမ် ဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်၏ ထိခိုက်မှုကိုအတိအကျ မသိရသေးဘဲ ထိခိုက်၊ သေဆုံးမှုများနိုင်ကြောင်းလည်း ဆိုသည်။

ထို့အပြင် ရန်ကုန်တိုင်းစစ်ဌာနချုပ် လက်မောင်းတံဆိပ်ပါ သွေးများပေနေသည့် ဗိုလ်ကြီးအဆင့် စစ်ဝတ်စုံ တစ်စုံအပါအဝင် လက်ပစ်ဗုံး၊ ကျည်ဆန်များ၊ ကျည်ဘောက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

#တောကျောင်းလေးကျေးရွာ

#ချောင်းဦးမြို့နယ်

#သတ်ဖြတ်

#အကြမ်းဖက်စစ်ကောင်စီတပ်

#မိုင်းဆွဲတိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required