မြန်မာဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မလေးရှား သွားမည်

မြန်မာဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မလေးရှား သွားမည်
Photo - AFP

ဇွန် ၁၆

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွန် အန်ဒရူးစ်သည် ဇွန်လ ၁၇ ရက်မှ ၂၃ ရက်အထိ မလေးရှားနိုင်ငံသို့ ခရီးစဉ်မစ်ရှင်တစ်ခု သွားရောက်မည် ဖြစ်သည်။

“မြန်မာနိုင်ငံမှာ အခြေအနေတွေက ဆက်လက် ယိုယွင်းဆိုးရွားလာနေသလို အာဏာသိမ်းစစ်အုပ်စု အမှန်တရားကို ဖုန်းကွယ်ဖို့ ဆက်လက် ကြိုးပမ်းနေချိန်မှာ ကျွန်တော်ကတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်လို့ မှတ်တမ်းတင်၊ အစီရင်ခံရမယ့် ကျွန်တော်ရဲ့ လုပ်ပိုင်ခွင့်တာဝန်ကို ဆက်လက်တည်ကြည်ခိုင်မာစွာ ဆောင်ရွက်နေပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံကနေ ထွက်ပြေးခဲ့ကြသူတွေအပါအဝင် မြန်မာနိုင်ငံက လူတွေနဲ့ ကျွန်တော် ဆက်လက်တွေ့ဆုံသွားပါမယ်” ဟု အန်ဒရူးစ်က ပြောသည်။

ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သည် ကွာလာလမ်ပူတွင် မလေးရှားအစိုးရ ကိုယ်စားလှယ်များ၊ လွှတ်တော်အမတ်များ၊ ကုလ အရာရှိများ၊ မြန်မာနိုင်ငံအရေးနှင့် အာဆီယံ နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်ပြီး လုပ်ဆောင်နေသည့် ကျွမ်းကျင်သူများအပြင် အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် လူထုအခြေပြု အဖွဲ့အစည်းများနှင့် တွေ့ဆုံသွားမည် ဖြစ်သည်။

“ဒီ ခရီးစဉ်ကတော့ မြန်မာနိုင်ငံ အကျပ်အတည်းနဲ့ ပတ်သက်ပြီးတော့ အာဆီယံဒေသနဲ့ ပိုမို နက်ရှိုင်းတဲ့ ဒေသဆိုင်ရာ ချိတ်ဆက်ပတ်သက်ဆောင်ရွက်မှု ပရောဂျက်တစ်ခုရဲ့ အစပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ “မြန်မာနဲ့ပတ်သက်လို့ အာဆီယံရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍကြောင့် ကျွန်တော်ဟာ လာမယ့်လတွေမှာ အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုလည်း သွားရောက်ဖို့ မျှော်လင့်ထားပါတယ်” ဟု ၎င်းက ပြောသည်။

ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သည် ၎င်း၏ ပဏာမ လေ့လာအကဲဖြတ်ချက်များကို မျှဝေရန် ဇွန်လ ၂၃ ရက် ကွာလာလမ်ပူတွင် မီဒီယာကို သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required