မွန်ပြည်နယ်ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိဟောင်း CDM ရဲတပ်ကြပ်ကြီး၏ မိသားစုဝင် ၃ ဦး ဖမ်းဆီးခံရ

By မေဘယ်လ်သူ
16 June 2022
မွန်ပြည်နယ်ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိဟောင်း CDM ရဲတပ်ကြပ်ကြီး၏ မိသားစုဝင် ၃ ဦး ဖမ်းဆီးခံရ

ဇွန် ၁၆

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ ကိုယ်ရေးအရာရှိတစ်ဦးအဖြစ်ဆောင်ရွက်ခဲ့သူ CDM ရဲတပ်ကြပ်ကြီး ဦးအေးမင်းထွန်း၏မိသားစုဝင်သုံးဦးကို အကြမ်းဖက် စစ်ကောင်စီမှ ဇွန်လ ၁၅ရက် နံနက်ပိုင်းတွင် ဖမ်းဆီးခံရကြောင်းသိရသည်။

CDM ရဲတပ်ကြပ်ကြီး ဦးအေးမင်းထွန်း၏မိခင်ဖြစ်သူ ဒေါ်နော်ဆပ်တဖူး(ခ)ဒေါ်တင်ရွှေ၊ ညီဖြစ်သူ ကျော်စိုး အေးနှင့် ညီမဖြစ်သူ ခိုင်ခိုင်အေးတို့ကို အကြမ်းဖက်စစ်ကောင်စီမှ ဇွန်လ ၁၅ ရက် နံနက် ၁၁ နာရီခန့်တွင် ကျိုက်ထိုမြို့နယ်၊ ကျူချောင်ကျေးရွာရှိနေအိမ်၌ ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

“၁၁ နာရီလောက်မှာ ကျိုက်ထို ဒုစခန်းမှူးနဲ့ စစ်ခွေး ၃၀ လောက် အိမ်စီးကားတွေနဲ့ လာရှာကြတယ်။ အိမ်မှာ ညီမကို‌တွေ့တော့ ညီမကိုဖမ်းပြီး မေမေ့ကို လိုက်ပြခိုင်းတယ်။ အဲဒီမှာ မေမေတို့ ထပ်ဖမ်းခံရ တယ်။ မေမေက အဆုတ်ကင်ဆာ ခံစားနေရသူပါ။ ကိုယ်တွေကိုမရတော့ မေမေ့တို့ကိုပါ ဓားစာခံအနေနဲ့ ဖမ်းတာ။ အခုတော့ တပ်မ ၄၄ ထဲမှာလို့ သိရတယ်” ဟု ဦးအေးမင်းထွန်းက ကျိုက်ထိုမြို့၏ သတင်းများကို ဖော်ပြနေသည့် KRIN ကို ဖြေကြားထားသည်။

ဒေါက်တာအေးဇံ၏ကိုယ်ရေးအရာရှိဟောင်း ဦးအေးမင်းထွန်းသည် မွန်ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်မှုခင်း နှိမ်နင်းရေးဌာနမှ လုပ်သက် ၂၂ နှစ်ရှိ ရဲတပ်ကြပ်ကြီးအဆင့်ရှိသူဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းပြီးနောက်ပိုင်း CDM ပြုလုပ်ကာ KNU တပ်မဟာ(၁) နယ်မြေတွင် ရှောင်တိမ်းနေခဲ့ သူဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ အပြစ်မဲ့အရပ်သားများအပေါ် ဖမ်းဆီးနှိပ်စက်ခြင်းများ၊ နေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းများကြောင့် CDM ရဲတပ်ကြပ်ကြီးအေးမင်းထွန်းသည် စစ်ကောင်စီကို ပြန် လည်တော်လှန်ရန်ဆုံးဖြတ်ကာ လက်ရှိတွင် KNU တပ်မဟာ (၁) ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ခံအဖြစ် လုပ်ကိုင်နေကြောင်းသိရသည်။

ဓားစားခံအဖြစ်ဖမ်းဆီးခေါ်ဆောင်ခံရသူ ဦးအေးမင်းထွန်း၏ မိခင်မှာ ကင်ဆာဝေဒနာရောဂါ အဆင့် ၄ ခံစားနေရကာ ၎င်း၏အသက်အန္တရာယ်မှာ စိုးရိမ်ရကြောင်းသိရသည်။ ဇွန်လ ၁၅ ရက် ညနေပိုင်းတွင် ၎င်း အား ပြန်လွှတ်ပေးခဲ့သော်လည်း ဦးအေးမင်းထွန်း၏ ညီနှင့်ညီမဖြစ်သူတို့ကို ဖမ်းဆီးထားဆဲဖြစ်ကြောင်း မဇ္ဈိမအနေဖြင့် စုံစမ်းသိရှိရသည်။

ဓါတ်ပုံ - အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားသည့် ဒေါ်နော်ဆပ်တဖူး (ခ) ဒေါ်တင်ရွှေနှင့် မခိုင်ခိုင်အေး

#Mizzima

#မွန်ပြည်နယ်

#ကျိုက်ထိုမြို့နယ်

#CDMရဲတပ်ကြပ်

#ဓားစာခံ

#မိသားစုဝင်သုံးဦးဖမ်းဆီးခံရ

#PDFတာဝန်ခံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required