လောက်ကိုင်နှင့် လူလိမ်ပွဲစားများ၏ မက်လုံးပေး အလုပ်အကိုင်များ (ဆောင်းပါး) အပိုင်း-၂

လောက်ကိုင်နှင့် လူလိမ်ပွဲစားများ၏ မက်လုံးပေး အလုပ်အကိုင်များ (ဆောင်းပါး) အပိုင်း-၂

ဇွန် ၁၃

လောက်ကိုင်မြို့မှာ အလုပ်လုပ်ရမည်ဟူသော အလုပ်ခေါ်စာတိုင်းတွင် အင်္ဂလိပ်ဘာသာစကားနှင့် ကွန်ပျူတာ အခြေခံက မဖြစ်မနေ တတ်မြောက်ရမည်ဖြစ်ပြီး လစာပိုကောင်းချင်လျှင်တော့ တရုတ်စကားပါကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားဖို့ လိုအပ်သည်။

လုပ်ငန်းတာဝန် တိတိကျကျဖော်ပြထားခြင်း မရှိသော်လည်း လစာတစ်ခုတည်းကိုကြည့်ပြီး ဘာအလုပ်ရရ အလုပ်သွားလုပ်ချင်သူများကလည်း မနည်းပေ။ လောက်ကိုင်မြို့နှင့်ပတ်သက်သော အလုပ်အကိုင်အခွင့်အလမ်း ဂရုတိုင်းတွင် ကျားဖြန့်/ကျားဖျံ့ အလုပ်မှာ နာမည်ကြီးသော်လည်း တော်တော်များများက ရှောင်လိုကြသည်။

ကျားဖြန့်/ကျားဖျံ့ အလုပ်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းရေးသားပြီး အလုပ်ခေါ်သည့်လူက မရှိသလောက်နည်းသော်လည်း ထိုလုပ်ငန်းအတွက် အလုပ်သမားရှာရာတွင် ဤနည်းများကို အသုံးပြု၍ ရေးလေ့ရှိသည်။

“ကျား/မ ဝန်ထမ်းအလိုရှိသည်။

နေစရိတ်/စားစရိတ်/ခရီးစရိတ်(ငြိမ်း)

အင်္ဂလိပ် 4 Skills/ ကွန်ပျူတာ typing ရိုက်တတ်ရမည်။(မြန်မာငွေ ၁၀ သိန်းမှ ၁၅ သိန်း ဝန်းကျင်) တရုတ်ဘာသာစကား ရေး၊ဖတ်၊ပြောနိုင်ပါက လစာပိုများမည်(မြန်မာငွေ ၁၀ သိန်းမှ သိန်း ၃၀ ဝန်းကျင်)ကုမ္ပဏီတိုက်ရိုက်ခေါ်ခြင်းဖြစ်သော ကြောင့် လုံခြုံရေးပိုင်းစိတ်ချရသည်။

စာချုပ်မရှိပါ။ လျော်ကြေးမရှိပါ အလုပ်ချိန် တစ်ရက် - ၁၀ နာရီ/ ၁၂ နာရီ တစ်လ နှစ်ရက်နားခွင့်ရှိသည်” စသဖြင့် သတ်မှတ်အရည်အချင်းရှိပါက လူဦးရေ အကန့်အသတ်ဖြင့် အလုပ်ခေါ်ကြောင်း ပါရှိသည်။ ကုမ္ပဏီနာမည်မပါရှိသော်လည်း လုပ်ရမည့်အပိုင်းမှာ customer service ၊ online digital marketing ၊ translator ၊ reception ၊ ကြော်ငြာလုပ်ငန်းတို့သာ ဖြစ်ကြောင်း သိရသည်။

ကျားဖြန့်/ကျားဖျံ့ အလုပ်သည် နဂိုထဲက ရှိနေသည့် လိမ်စားရသော အလုပ်ဖြစ်ပြီး ယခုမှသာ အွန်လိုင်းပေါ်တွင် တရုတ်လုပ်ငန်းရှင်များက နှိပ်စက်သဖြင့် ထွက်ပြေးရသော၊ အသက်သေဆုံးသွားသော အလုပ်သမားများ ရှိသည်ဟူသည့် စာများ၊ ဗီဒီယိုများ တက်လာသည်ကို လူအများက မျက်ဝါးထင်ထင် ဖတ်ရှု တွေ့မြင်ရခြင်းကြောင့်သာ လောက်ကိုင်မြို့က အလုပ်အကိုင်နှင့်ပတ်သက်လျှင် နာမည်ပျက်ဖြင့် ကျော်ကြားနေခြင်းဖြစ်ကြောင်း အချို့က ပြောသည်။ အပြင်မှာတော့ အဲ့သည်လောက် ဆိုးရွားမှုမရှိကြောင်းနှင့် အမှန်တကယ်လုပ်နေသူများမှာ အဆင်ပြေကြောင်း ကျားဖြန့်/ကျားဖျံ့ အလုပ်အတွက် အယုံသွင်းဇာတ်များ ဖန်တီးနေသော အလုပ်ခေါ်သူ(လူလိမ်ပွဲစား)များက ဆိုကြသေးသည်။

ထိုသို့ နာမည်ကြီးနေသော လစာကောင်းသည့် အလုပ်အကိုင် အကြောင်းကို စုံစမ်းရသည်မှာ အများကြီး မခက်ခဲသော်လည်း ထိုအလုပ်ကြောင့် နစ်နာသွားခဲ့သောသူများ၏ ဖြစ်ရပ်မှန်များကို သိရှိရန်မှာ အချိန်ယူရသည်။ အဘယ့်ကြောင့်ဆိုသော် ကျားဖြန့်/ကျားဖျံ့ ကြောင့် သူတို့ဘဝ ပျက်ဖူးသည်။ သူတို့စိတ်ထဲ နာကျင်ခံစားရဖူးသည်။ သူတို့ကိုယ်တိုင် အလိမ်ခံခဲ့ရပြီးမှ တစ်ပါးသူကို ဆင့်ကဲလိမ်ညာခဲ့ကြရပြီး သူများဘဝပျက်ရသည်နည်းတူ သူတို့ပါ ကိုယ်ကျိုးနည်းရသောကြောင့် ဒီဖြစ်ရပ်များကို အတတ်နိုင်ဆုံး ပြန်မပြောလိုကြခြင်းကြောင့် ဖြစ်သည်။

ကျားဖြန့်/ကျားဖျံ့ အလုပ်ခန်းတွင် ပိတ်မိဖူးသူများကတော့ အဆိုပါနေရာကို ငရဲခန်းလို့ သတ်မှတ်ထားကြသည်။ အချိန်တိုင်း နှိပ်စက်နေခြင်း မဟုတ်သော်လည်း တရုတ်သူဌေး(လောပန်)တို့က စိတ်တိုင်းမကျလျှင်(သို့မဟုတ်) အလုပ်အတွက် လူမရလျှင် နည်းမျိုးစုံဖြင့် အပြစ်ပေးခံရတတ်သည်။ လျော်ကြေးပေးရခြင်း၊ ထိုင်ထလုပ်ရခြင်း၊ သစ်သားတုတ်၊ သံတုတ်ဖြင့် အရိုက်ခံရခြင်း၊ အထပ်မြင့်လှေကားတို့တွင် အတက်အဆင်း လုပ်ရခြင်းတို့မှာ အပြစ်ပေးနည်း သေးသေးလေးသာဖြစ်ပြီး ကျဉ်စက်ဖြင့်တို့ခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်း၊ ထိုကဲ့သို့ပြုလုပ်သည်များကို မခံစားနိုင်သဖြင့် အလုပ်ရုံမှ ထွက်ပြေးသဖြင့် ပြန်လည်ဖမ်းမိလျှင် မသေရုံတမယ် နှိပ်စက်ခြင်းတို့ရှိကြောင်း ပြောပြသည်။ တရုတ်လူမျိုးအချင်းချင်းဆိုလျှင် အသက်ဆုံးရှုံးသည်အထိ နှိပ်စက်သည်များလည်းရှိသလို အလုပ်ဖိအားကြောင့် သေကြောင်းကြံစည်သည့် သူများလည်းရှိကြောင်း သိရသည်။

ကျားဖြန့်/ကျားဖျံ့ အလုပ်လုပ်ရမည်မှန်းမသိဘဲ လောက်ကိုင်သို့ ရောက်ရှိသွားပြီး ငရဲခန်းဖြတ်သန်းလာသူ တစ်ဦးကလည်း ၎င်းလိုမျိုး နောက်လူများ ထပ်မဖြစ်စေရန် ကြုံတွေ့ခဲ့ရဖူးသည်များကို ယခုလို ပြန်ပြောပြသည်။

ကိုစိုးစိုး (အမည်လွှဲ) က ဆယ်ကျော်သက် အမျိုးသားတစ်ဦးဖြစ်သည်။ လူငယ်ပီပီ သုံးချင် ဖြုန်းချင်သောကြောင့် ပိုက်ဆံရှာချင်သည်။ သို့သော် တစ်လတစ်လကို ငွေ နှစ်သိန်း၊ သုံးသိန်းလောက်တောင် မရချင်။ ငွေများများ သုံးချင်သဖြင့် ငွေများများရမည့်အလုပ်ကိုသာ လိုချင်သည်ဟုဆိုသည်။ ထို့ကြောင့် နိုင်ငံခြားသွားဖို့ အရင်းအနှီးလည်း မစိုက်ထုတ်ရဘဲ ကိုယ့်မြန်မာပြည်တွင်းက နယ်စပ်မြို့မှာတင် လစာများများရသည့် အလုပ်လုပ်ဖို့ကို ရွေးချယ်ခဲ့သည်။

ဒီလိုနှင့် လွန်ခဲ့သော နှစ်အနည်းငယ်က လောက်ကိုင်မြို့တွင် သူကိုယ်တိုင် သွားရောက်အလုပ်လုပ်ကိုင်ခဲ့ဖူးကြောင်းကို စတင်ပြောပြသည်။ အလုပ်ကို စတင်ရောက်သည်နှင့် စာချုပ်ချုပ်ဖို့က အရင်ဖြစ်သည်။ စာချုပ်ပါ အချက်အလက်များကတော့ ကိုယ့်ဘက်ကအသာစီးရထားသည်။ သို့သော် ကိုစိုးစိုးမသိလိုက်သည်မှာ စာချုပ်မှာ အလုပ်သမားများအတွက် ဘောင်မဝင်ပေ။

၎င်းအလုပ်ရုံထဲ ခြေချမိကတည်းက ကိုစိုးစိုးမှာ တရုတ်လောပန်တို့၏ လက်ခုပ်ထဲကရေ ဖြစ်ခဲ့ရသည်။ တစ်နေ့တစ်နေ့ နိုင်ငံခြားသားများကို ပစ်မှတ်ထားကာ အွန်လိုင်းမှ ရင်းနှီးအောင် လနှင့်ချီ စကားပြောရင်း အလုပ်အတွက် ရင်းနှီးမြှုပ်နှံငွေထည့်ဖို့ လိမ်ရတော့သည်။ ကျားဖြန့်/ကျားဖျံ့ အလုပ်တွင်လည်း Target ရှိသည်။ လူမရလျှင် အဆူခံရသည်။ အပြစ်ပေးခံရသည်။ အလုပ်မလုပ်နိုင်လျှင် အလုပ်မှနှုတ်ထွက်နိုင်သော်လည်း စာချုပ်ချုပ်ထားသဖြင့် လျှော်ကြေးပေးရမည်။ လျှော်ကြေးမပေးနိုင်လျှင် ဆက်လုပ်ရမည်။ ထွက်ပြေးပါက မိမိတို့အတွက် လုံခြုံရေးအပြည့်အဝ တာဝန်ယူပေးထားပါသည်လို့ ဆိုဖူးသော အစောင့်များက မိမိ၏ အသက်ကို အန္တရာယ်ပြုမည့်သူများ ဖြစ်လာတတ်သည်။

ထွက်ပြေးလို့ ဖမ်းမိလျှင် ချုပ်နှောင်ထားသည်။ တုတ်ဖြင့် ဝိုင်းရိုက်သည်။ နေ့/ည ခွဲခြားပြီး မသိနိုင်လောက်သော အခန်းထဲတွင် အနှိပ်စက်ခံရသည်။ ကိုစိုးစိုးသည် သူနှိပ်စက်ခံရတိုင်း မျက်လုံးထဲပြေးပြေးမြင်သည်မှာ ဒီအလုပ်နှင့် ဆက်သွယ်ပေးခဲ့သောပွဲစားကိုသာဖြစ်ပြီး အပြင်မှာပြန်တွေ့လျင် အသေပြန်သတ်ချင်သည်အထိ မုန်းကြောင်းဆိုသည်။ သူနှိပ်စက်ခံရသည့် မှတ်ဉာဏ်များကိုတော့ အဖြစ်အပျက် တစ်ခုချင်းစီ ပြန်မတွေးချင် လောက်သည်အထိ ကြောက်ရွံ့မိကြောင်းလည်း ပြောသည်။

ကိုစိုးစိုးနည်းတူ နေ့စဉ် လောကငရဲကို အရှင်လတ်လတ် ခံစားခဲ့ရဖူးသူများကလည်း တူညီသော စကားတစ်ခုကိုပြောသည်။ “ငွေများများရမယ်ဆိုတိုင်း အထင်ကြီးပြီး မယုံကြည်ကြပါနဲ့” ဟူ၍ဖြစ်သည်။ တချို့မှာ ထွက်လည်း မပြေးနိုင်၊ ဆက်လည်းမလုပ်နိုင် အခြေအနေများတွင် မိမိကိုယ်ကိုယ် သတ်သေဖို့အထိ စဉ်းစားဖူးသည့် သူလည်းရှိသည်။ နည်းလမ်းမျိုးစုံသုံးပြီး လွတ်မြောက်အောင် ထွက်ပြေးလာသူများလည်း ရှိသည်။ မိမိကိုယ်တိုင် အနှိပ်စက် မခံရဖူးသော်လည်း အခြားသူများ နှိပ်စက်ခံနေရသည်ကို မြင်တွေ့ခဲ့ရဖူးသူများလည်း ရှိသည်။

မည်သို့ပင်ဖြစ်စေ ကျားဖြန့်/ကျားဖျံ့ အလုပ် လုပ်ရမည် မဟုတ်ပါဆိုသော အလုပ်ခေါ်စာများ ဖြစ်လင့်ကစား အလုပ်အများစုမှာ ကျားဖြန့်/ကျားဖျံ့ပင်ဖြစ်ကြောင်း ၎င်းတို့က ပြောပြသည်။ သို့သော်လည်း ဟိုတယ်အလုပ်နှင့် စားသောက်ဆိုင်အလုပ်စသည့် အချို့သော အလုပ်များမှာတော့ ကိုယ့်အရည်အချင်းနှင့်ကိုယ် သန့်သန့်ရှင်းရှင်း လုပ်ကိုင်နိုင်စရာ ရှိသေးကြောင်း ဆိုသည်။

လောက်ကိုင်မြို့သည် တရုတ်နယ်စပ်မြို့ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းအစုံ ရှိသည့် နေရာတစ်နေရာဖြစ်သည်နှင့်အညီ အကောင်းနှင့်အဆိုး အမြဲဒွန်တွဲနေမည် ဖြစ်သည်။ ထိုနေရာတွင်သာရရှိနိုင်သော အခွင့်ရေးကောင်းများကိုသာဖော်ပြကာ ၎င်းတို့လုပ်ငန်း လိုအပ်ချက်အရ အလုပ်ခေါ်စာများ ဆက်လက်တွေ့မြင်နေရမည် ဖြစ်ပြီး အမှားအမှန်ကို မိမိကိုယ်တိုင် ခွဲခြားကာ ကိုယ့်ကိုယ်ကိုထက် ပို၍ တခြားသူကို မယုံကြည်သင့်ကြောင်းနှင့် တစ်ခါမှားမိခဲ့ပါက ဘဝနှင့်အသက်မှာ အာမခံချက် မရှိတော့ကြောင်း ကျားဖြန့်/ကျားဖျံ့အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ခဲ့ဖူးသူများက ပြောသည်။

#ဆောင်းပါး

#လောက်ကိုင်မြို့

#လူလိမ်ပွဲစား

#ကျားဖြန့်/ကျားဖျံ့

#အသက်အန္တရာယ်

#ရင်းနှီးမြှုပ်နှံငွေထည့်ဖို့လိမ်ရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly