တွံတေးမြို့နယ်တွင် စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့် ပိတ်ထား၍ ပြည်သူများ သွားလာရေး အခက်အခဲ ကြုံတွေ့နေ

တွံတေးမြို့နယ်တွင် စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့် ပိတ်ထား၍ ပြည်သူများ သွားလာရေး အခက်အခဲ ကြုံတွေ့နေ

ဇွန် ၁၁

ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားခြင်းကြောင့် ပြည်သူများ သွားလာရေးတွင် အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံများထံကသိရသည်။

တွံတေးမြို့နယ်အတွင်းရှိ မြို့နယ်များနှင့် ကျေးရွာများတွင် ဆိုင်ကယ်စီးနင်းခွင့်ကို ဇွန်လ ၁၀ ရက်နေ့က စတင်ပြီး ရက်အကန့်အသတ်မရှိ ပိတ်ပင်ကြောင်း ဇွန်လ ၉ ရက်နေ့တွင် စစ်ကောင်စီက ကြေညာခဲ့ခြင်း ဖြစ်သည်။

ဆိုင်ကယ်စီးခွင့် စတင်ပိတ်လိုက်သည့် ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့တွင်ပင် တွံတေးမြို့နယ်အတွင်း စီးနင်းနေသည့် ဆိုင်ကယ်များနှင့် ဆိုက်တွဲ(ဘေးတွဲတပ်ဆင်ထားသည့် ဆိုင်ကယ်) ငါးစီးထက်မနည်း စစ်ကောင်စီတပ်၏ ဖမ်းဆီးသိမ်းဆည်းခြင်းကို ခံခဲ့ရကြောင်း သိရသည်။

“ပကဖက ကံဘဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ကျည်ဆန်နှစ်တောင့်နဲ့ သတိပေးစာ ပေးပို့တဲ့ အတွက် ပိတ်လိုက်တာလို့ သိရတယ်။ မအလ(မင်းအောင်လှိုင်) ရန်ကုန်ရောက်တဲ့နေ့နဲ့လည်း ဆက်စပ်နေတော့ ပြောလို့တော့ မရဘူး။ အရင်ပစ်ခတ်ရှင်းလင်းတာတွေရှိပေမယ့် ပိတ်တာမျိုးမရှိခဲ့ဘူးလေ” ဟု တွံတေးဒေသခံ သတင်းရင်းမြစ်က ပြောသည်။

တွံတေးမြို့နယ်ရှိ မြို့နယ်များနှင့် ကျေးရွာများတွင် ဆိုင်ကယ်ကိုအသုံးပြု သွားလာနေကြပြီး စစ်ကောင်စီက ယခုကဲ့သို့ ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်မှုကြောင့် ပြည်သူများ သွားလာရေးတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်းလည်း ဒေသခံများက ပြောသည်။

“ကျေးရွာဘက်တွေမှာတော့ တွံတေးမြို့ပေါ် ကုန်ရောင်းကုန်ဝယ်လုပ်ဖို့ သုံးဘီးကားတွေ၊ ထော်လာဂျီတွေ စုငှါးပြီး လာကြရပါတယ်။ မြို့ပေါ်မှာတော့ မြင်းလှည်း၊ စက်ဘီး၊ ဆိုက်ကား၊ သုံးဘီးတွေနဲ့ပဲ သွားလာနေကြပါတယ်။ ဆိုင်ကယ်ကို အဓိကသုံးတဲ့ မြို့နယ်ဖြစ်လို့ ပြည်သူအများ အတော်ဒုက္ခရောက်နေပါတယ်” ဟု တွံတေး ဒေသခံတစ်ဦးက ပြောသည်။

တွံတေးမြို့နယ်အတွင်း ဖွင့်လှစ်ရန်ပြင်ဆင်နေသည့် ငါးလုပ်ငန်းသိပ္ပံကျောင်းကို စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင် လာရောက်ကြည့်ရှု့ရန် သတင်းထွက်နေခြင်းကြောင့် ယခုကဲ့သို့ ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု ပြောဆိုနေကြပြီး သုံးလေးရက်အတွင်း ဆိုင်ကယ်စီးနင်းခွင့် ပြန်လည်ခွင့်ပြုမည်ဖြစ်ကြောင်းလည်း မြို့နယ်အတွင်း ပြောဆိုမှုများ ရှိနေသည်။

တွံတေးမြို့နယ်သည် ရန်ကုန်တွင် စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်လိုက်သည့် တတိယမြောက် မြို့နယ်ဖြစ်ပြီး သန်လျင်မြို့နယ်နှင့်ဒလမြို့နယ်များတွင်လည်း စစ်ကောင်စီက ဆိုင်ကယ်စီးခွင့်ကို ပြီးခဲ့သည့် လပိုင်းမှ စတင်ပြီး ကန့်သတ်ပိတ်ပင်ထားခဲ့သလို ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှာလည်း ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားမှုများ ရှိနေသည်။

စစ်ကောင်စီတပ် ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်လိုက်သည့်မြို့နယ်များသည် ဆိုင်ကယ်အသုံးပြုကာ အဓိက သွားလာနေသည့် မြို့နယ်များဖြစ်သည့် အတွက် ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူများ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရသလို ဒေသခံအများစုမှာလည်း ကျန်းမာရေးကိစ္စနှင့် သွားလာရေးကိစ္စများတွင် နှောင့်နှေးကြန့်ကြာမှုများ ကြုံတွေ့နေကြသည်။

#ရန်ကုန်တိုင်း

#တောင်ပိုင်းခရိုင်

#တွံတေးမြို့နယ်

#စစ်ကောင်စီတပ်ဖွဲ့

#ဆိုင်ကယ်စီးနင်းခွင့်

#ပိတ်ပင်တားဆီး

#သွားလာရေးအခက်ကြုံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly