ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)ယာဉ်မောင်းတစ်ဦး ဒလန်ဟုဆိုကာ မော်လမြိုင်တွင် ပစ်သတ်ခံရ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)ယာဉ်မောင်းတစ်ဦး ဒလန်ဟုဆိုကာ မော်လမြိုင်တွင် ပစ်သတ်ခံရ

ဇွန် ၉

မွန်ပြည်နယ် မော်လမြိုင်မြို့ သံလွင်ဥယျာဉ်အနီးတွင် ဇွန်လ ၈ရက်နေ့ ညနေ ၆နာရီဝန်းကျင်၌ မျိုးမင်းထွဋ်ဆိုသူ ဆိုင်ကယ်မောင်းနှင်လာစဉ် သေနတ် ငါးချက်ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ မျိုးမင်းထွဋ် ဆိုသူသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)မှ လုပ်သက် ငါးနှစ်ရှိ ယာဉ်မောင်းတစ်ဦးဖြစ်ပြီး၊ ရုံးမှ အိမ်သို့ အပြန်တွင် သေနတ်ဖြင့် ပစ်ခံရကြောင်း၊ အသေးစိတ်အခြေနေကို အတိအကျမသိရှိရသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)မြန်မာမှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ မျိုးမင်းထွဋ် ဆိုသူသည် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် အမျိုးနီးစပ်သူ တစ်ဦးဖြစ်ပြီး စစ်ကောင်စီထံ သတင်းပေးဒလန် လုပ်နေသည့်အတွက် ပစ်သတ်ခဲ့ကြောင်း မော်လမြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှသိရသည်။

“သေနတ်နဲ့ ငါးချက်ပစ်ခဲ့တယ် လူထုဆီက တိုင်ကြားချက်တွေ ရရှိခဲ့တာကြောင့်ပါ မိန်းခလေးငယ်တွေကို HD(ညစ်ညမ်းရုပ်ရှင်)ပြပြီး သူ့ဆန္ဒအတိုင်းမလုပ်ပေးရင် ခြိမ်းခြောက်တယ်”ဟု မော်လမြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။ မျိုးမင်းထွဋ်သည် မော်လမြိုင်မြို့ မြေနီကုန်းအနီးတစ်ဝိုက်နှင့် မော်လမြိုင်မြို့အတွင်း ဧည့်စာရင်းများစစ်ဆေးရာတွင် ဦးဆောင်ပါဝင်တတ်ပြီး အကြမ်းဖက်အုပ်စုလက်ကိုင်တုတ် ရဲမှူးများနှင့် နီးစပ်သော ဆက်ဆံရေးရှိသူဖြစ်ကြောင်း၊ CDMဝန်ထမ်းများ၏ မိသားစုဝင်များအား ခြိမ်းခြောက်အကျပ်ကိုင်နေသူဖြစ်ကြောင်း သက်ငယ်မုဒိမ်းကောင်လည်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

#mizzima

#WHO

#မော်လမြိုင်မြို့

#မျိုးမင်းထွဋ်

#အောင်လင်းဒွေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly