အမ်းမြို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဓားထိုးခံရပြီး သေဆုံး

အမ်းမြို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဓားထိုးခံရပြီး သေဆုံး

ဇွန် ၉

ရခိုင်ပြည်နယ် အမ်းမြို့ရှိ စစ်ကောင်စီခန့်အပ်ထားသည့် အမှတ်(၅)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးမှာ ယနေ့ ဇွန်လ ၉ရက်နေ့ နံနက် ၉နာရီခန့်တွင် ဓားထိုးခံရပြီး သေဆုံးသွားကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူးမှာ ဦးပိုင်ပိုင် (၄၀) နှစ် ဝန်းကျင်ဖြစ်ပြီး စစ်ကောင်စီမှ ခန့်အပ်ထားသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်ကာ လူနှစ်ဦးမှ ဓားဖြင့်ဝိုင်းထိုးခြင်း ဖြစ်သည်ဟု သိရကြောင်း အမ်းဒေသခံတစ်ဦးက ပြောသည်။

“ လူနှစ်ယောက်က ရှေ့ကတစ်ယောက်၊ နောက်ကတစ်ယောက် ထိုးသွားတာလို့ သိရတယ်။ ဒဏ်ရာက အချက်ပေါင်း ၂၁ချက် ထိုးသွားတယ်လို့တော့ သိရပါတယ်။ကျန်တာ ဘယ်သူတွေထိုးတာလဲ ဆိုတာတော့ မသိသေးပါဘူး” ဟု ဆိုသည်။

အမ်းမြို့နယ် စစ်မှုထမ်းဟောင်းရုံး အရှေ့ဖက်ရုံး၏ ကပ်လျက် ခြံတွင်သေဆုံးနေခြင်းဖြစ်ပြီး လက်ရှိတွင် တရားခံဖမ်းဆီးရရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်နေကြောင်း အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူး က ဆိုသည်။

“ ဓားနဲ့အထိုးခံရတာလေ၊ ဓားဒဏ်ရာ ၂၁ချက်လောက်ရှိမှာပေါ့၊ နောက်ကျောနဲ့ ရှေ့ဖက် ရင်အုံကို ထိုးသွားတာ ဖြစ်တယ်။ လက်ရှိမှာတော့ တရားခံဖော်ထုတ်ဖမ်းဆီးရေးနဲ့ ပတ်သက်ပြီး စုံစမ်းနေပါတယ်။ မိသားစုဝင်တွေကတော့ အမှုဖွင့်ဖို့ ဆောင်ရွက်နေတုန်းပါ။ တိုင်ကြားချက်တော့ ပေးထားပါတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် သေဆုံးသွားသည့် အုပ်ချုပ်ရေးမှူးကို အမ်းမြို့နယ် ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီအနေဖြင့် အမ်းမြို့ထဲတွင် တစ်အိမ်ဝင် တစ်အိမ်ထွက် ဧည့်စာရင်းစစ်ဆေးမှုများကို လုပ်ဆောင်သွားခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည့်အတွက် ဒေသခံများအနေဖြင့်လည်း စိုးရိမ်းမှုများ ရှိနေကြသည်ဟု ဆိုသည်။

#mizzima

#အမ်းမြို့

#စစ်ကောင်စီခန့်

#အုပ်ချုပ်ရေးမှူး

#သေဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required