ဒလမှ ရန်ကုန်သို့ကူးသည့် သမ္ဗန်ဆိပ် ၅ ခုကို ယာယီပိတ်သိမ်းကြောင်း စစ်ကောင်စီ ကြေညာ

ဒလမှ ရန်ကုန်သို့ကူးသည့် သမ္ဗန်ဆိပ် ၅ ခုကို ယာယီပိတ်သိမ်းကြောင်း စစ်ကောင်စီ ကြေညာ

ဇွန် ၉

ဒလမြို့နယ်မှ ရန်ကုန်ဘက်ခြမ်းကိုကူးသည့် သမ္ဗန်ဆိပ် ငါးခုကို သုံးရက် ကြာ ယာယီပိတ်သိမ်းသည်ဟု စစ်ကောင်စီမှ ကြေညာထားကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ သမ္ဗန်ဆိပ် ငါးခုကို ယနေ့ ဇွန်လ ၉ ရက်နေ့မှ စတင်၍ ဇွန်လ ၁၁ ရက်နေ့အထိ သုံးရက်ကြာ ယာယီပိတ်ထားမည်ဟု ယမန်နေ့ မေလ ၈ ရက်နေ့ ညနေပိုင်းက သမ္ဗန်ဆိပ်များတွင် ကြေညာထားခြင်းဖြစ်သည်။

ဒလမြို့နယ်ရှိ ယာယီပိတ်ထားမည့် သမ္ဗန်ဆိပ်များမှာ မှော်စက်သမ္ဗန်ဆိပ်၊ ကမာကဆစ်သမ္ဗန်ဆိပ်၊ စက်မြေသမ္ဗန်ဆိပ်၊ ကမာကသွယ်သမ္ဗန်ဆိပ်နှင့် (တံလျှပ်) ကားဂိတ်သမ္ဗန်ဆိပ်တို့ ဖြစ်သည်။

“ ဒလဘက်မှာ ပစ်ခတ်မှုတွေ ဖြစ်ပြီး ရန်ကုန်ဘက်ကို ချက်ချင်းကူးလို့ ပိတ်တယ်ဆို ပြီးလည်းကြားတယ်။ သေချာတော့ မသိသေးဘူး။ ကြေညာထား တဲ့စာအရဆို သုံးရက် ယာယီပိတ်တယ်ဆိုပေမယ့် ပြန်လည်ဖွင့်လှစ်မယ့် ရက်ကို ထပ်မံကြေညာမှာဆိုတော့ ရက်အကန့်အသတ်မရှိဘဲ ပိတ်တဲ့ သဘောလားတောင်မသိဘူး” ဟု ဒလဒေသခံ တစ်ဦးက ပြောသည်။

ဒလမြို့နယ်မှ ရန်ကုန်ဘက်ကို သွားလာမည့် ခရီးသည်များအနေဖြင့် သမ္ဗန်ဆိပ်များ ပိတ်ထားသည့် ကာလအတွင်း ရန်ကုန်သို့ ဒလသင်္ဘောဆိပ်မှသာ သွားရောက်ကြရန် ကြေညာချက်တွင်ဆိုထားသည်။

ထိုသို့ သမ္ဗန်ဆိပ်များ ယာယီပိတ်သိမ်းခြင်းကြောင့် ဒလမြို့နယ်မှ ရန်ကုန်ဘက်သို့ သွားရောက် အလုပ်လုပ်ကိုင်နေသူများအနေဖြင့် အချိန်ကြန့်ကြာမှုများနှင့် ရင်ဆိုင် ရမည်ဟု ဒေသခံများက ပြောကြားသည်။

ဒလတံတားစီမံကိန်းကို စစ်ကောင်စီဝန်ကြီးချုပ် လာရောက်ကြည့်ရှုမည် ဖြစ်သည့် အတွက် သမ္ဗန်ဆိပ်များကို ယာယီပိတ်ခြင်းဖြစ်နိုင်ကြောင်း သတင်းများ ထွက်ပေါ်နေ သော်လည်း မဇ္ဈိမ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

စစ်ကောင်စီတပ်သည် ဒလမြို့နယ်တွင် မေလ ၂၇ ရက်နေ့မှ စတင်၍ ဆိုင်ကယ်စီးနင်း ခွင့်ကိုပါ ပိတ်ပင်ထားခဲ့ရာ ဒလမြို့နယ်အတွင်းရှိ ပြည်သူများမှာ စားဝတ်နေရေးနှင့် သွားလာရေးအခက်အခဲများပါ ကြုံတွေ့နေရသည်။

#Mizzima

#ဒလ-ရန်ကုန်

#သမ္ဗန်ဆိပ်

#ငါးခု

#စစ်ကောင်စီ

#ယာယီပိတ်သိမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly