နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာရှောင်တာနယ်လ်တို့ကို လျှို့ဝှက် ဥပဒေပုဒ်မဖြင့် စွဲချက်တင်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာရှောင်တာနယ်လ်တို့ကို လျှို့ဝှက် ဥပဒေပုဒ်မဖြင့် စွဲချက်တင်

ဇွန် ၉

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာရှောင်တာနယ်လ်တို့ကို လျှို့ဝှက် ဥပဒေပုဒ်မဖြင့် နေပြည်တော်အထူးတရားရုံးက ယနေ့ ဇွန်လ ၉ရက်နေ့ ရုံးချိန်းတွင် စွဲချက်တင် အမိန့်ချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

ဩစတြေးလျားနိုင်ငံသား စီးပွားရေးအကြံပေး ပါမောက္ခ မစ္စတာရှောင်တာနယ်လ်ကို မြန်မာနိုင်ငံလျှို့ဝှက်ဉပဒေပုဒ်မ ၃(၁)(ဂ)ဖြင့် စွဲချက်တင်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် လေးဦးကို ပုဒ်မ ၃(၁)(ဂ) / ၉ ဖြင့် စွဲချက်တင်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးလွင်က တရားလိုအဖြစ်ပြုလုပ်သောအမှုတွင် ၃(၁)(ဂ)မှာ မူရင်းပုဒ်မဖြစ်ပြီး ပုဒ်မ ၃(၁)(ဂ) / ၉ မှာ အားပေးကူညီမှုဖြစ်သည်။

အပတ်စဉ်ကြာသပတေးနေ့တိုင်း နေပြည်တော်ကောင်စီဝန်းအတွင်းရှိ အထူးတရားရုံးတွင် စစ်ဆေးနေသောအမှု၏ စွပ်စွဲခံရသူများဘက်က တရားလို အပါအဝင် ပြန်ခေါ်သက်သေ လေးဦးကို ပြန်လည်ခေါ်ဆိုထားကြောင်းလည်း သိရသည်။

အမှုမှာ မစ္စတာရှောင်တာနယ်လ်၏ကွန်ပျူတာ၊စာရွက်စာတမ်းများတွင် တွေ့ရှိချက်များနှင့် ဆက်စပ်ပြီး ၎င်းနှင့် အတူ ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရလက်ထက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ကို ပူးတွဲစွဲဆိုထားခြင်းဖြစ်သည်။

ပုဒ်မ ၃(၁)(ဂ)မှာ "ရန်သူအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးဝင်စေမည်ဟု တွက်ချင့်ထားသော သို့မဟုတ် အသုံးဝင်တန်ရာသော သို့မဟုတ် အသုံးဝင်စေရန် ကြံရွယ်၍ လျှို့ဝှက်ထားသော တရားဝင် သင်္ကေတ၊ သို့မဟုတ် စကားဝှက်တစ်ခုခုကို သော်လည်းကောင်း၊ ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ အချက် အလက်၊ မှတ်စု သို့မဟုတ် အခြားစာတမ်းအမှတ်အသား သို့မဟုတ် သတင်းအချက်အလက်တစ်ရပ်ရပ် ကိုသော်လည်းကောင်း ရယူခြင်း၊ စုဆောင်းခြင်း၊ မှတ်တမ်းတင်ခြင်း သို့မဟုတ် ထုတ်ဝေခြင်း သို့မဟုတ် အခြားသူတစ်ဦးဦးကို ဆက်သွယ်အကြောင်းကြားခြင်းပြုလျှင်" အ​ရေးယူခံရမည်ဟု ပါရှိသည်။

ထို့အပြင် "အဆိုပါ ပြစ်မှုအား ကာကွယ်ရေးအစီအမံ၊ လက်နက်တိုက်၊ ရေတပ်၊ ကြည်းတပ် သို့မဟုတ် လေတပ် အခြေစိုက်ထားရှိရာ သို့မဟုတ် စခန်းချရာဌာန၊ မိုင်း၊ မိုင်းကွင်း၊ အလုပ်ရုံ၊ သင်္ဘောကျင်း၊ စခန်း၊ သင်္ဘော သို့မဟုတ် လေယာဉ်နှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ နိုင်ငံတော်၏ ရေတပ်၊ ကြည်းတပ် သို့မဟုတ် လေတပ်ရေးရာ ကိစ္စများနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ လျှို့ဝှက်ထားသည့် တရားဝင်သင်္ကေတ တစ်ခုခုနှင့်စပ်လျဉ်း၍သော်လည်းကောင်း ကျူးလွန်ခြင်းဖြစ်ပါက ထိုသူကို ဆယ့်လေးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည်ဖြစ်ပြီး အခြားအမှုများဖြစ်လျှင် သုံးနှစ်ထိ ထောင်ဒဏ်ချမှတ်ရမည်"ဟု ပြဌာန်းထားသည်။

ဓာတ်ပုံ- SEAN TURNELL'S FACEBOOK

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly