ဆောမြို့နယ်တွင် CDM ဝင်ရောက်ပြီးနောက် ခံဝန်ကတိချိုးဖောက်သူများကို အရေးယူမည်

ဆောမြို့နယ်တွင် CDM ဝင်ရောက်ပြီးနောက် ခံဝန်ကတိချိုးဖောက်သူများကို အရေးယူမည်

ဇွန် ၉

မကွေးတိုင်း ဆောမြို့နယ်တွင် ခံဝန်ကတိဖြင့် ပြည်သူ့ရင်ခွင်ခိုဝင်လာပြီးနောက် ခံဝန်ချက်ပါ သဘောတူ ညီချက်များကို ချိုးဖောက်ထားသောဝန်ထမ်းများအား အရေးယူမည်ဖြစ်ကြောင်း ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့(ဆောမြို့နယ်)က ဇွန်လ ၉ ရက် ယနေ့တွင် ထုတ်ပြန်ကြေညာထားသည်။

ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ခံဝန်ကတိဖြင့် ပြည်သူ့ရင်ခွင်ခိုဝင်လာပြီးနောက် မြို့နယ်ပြင်ပ သို့ရောက်သွားကာ အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ငန်းယန္တရားတွင်ပါဝင်နေသော ဝန်ထမ်းစာရင်းအား ရရှိထားပြီဖြစ်ပြီး ဆက်လက်၍စောင့်ကြည့်နေကြောင်း ဆိုသည်။

“လတ်တလောအားဖြင့် ခံဝန်ကတိချိုးဖောက်ထားတဲ့ ဝန်ထမ်းဆယ်ဂဏန်းလောက်တော့ရှိတယ်။ ဘယ် လိုအရေးယူမလဲဆိုတာကိုတော့ Public ကို ချမပြဘူးလို့ ဆုံးဖြတ်ထားပါတယ်။ ကျူးလွန်သူကာယကံရှင် တွေဆီကိုပဲပို့ဖို့ရှိပါတယ်” ဟု ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံက မဇ္စျိမကိုပြောသည်။

ဇွန်လ ၆ ရက်နေ့ကပြုလုပ်ခဲ့သော ဆောမြို့နယ်CDM ဉီးဆောင်ကော်မတီ မျက်နှာစုံညီအစည်းအဝေးတွင် မည်ကဲ့သို့ အရေးယူသွားမည်ဆိုသည်အားဆုံးဖြတ်ခဲ့ပြီး အရေးယူမှုအား ခံဝန်ကတိချိုးဖောက်သူများထံ ပေးပို့သွားမည်ဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် ခံဝန်ကတိဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံထားကြသော ဝန်ထမ်းများအနေဖြင့် မြို့နယ်ပြင်ပသို့ ကိစ္စ ကြီးငယ်ဖြင့် ခရီးသွားရောက်မည်ဆိုပါက ဇွန်လ ၉ ရက်နေ့မှ စ၍ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ (သို့) တိုက်နယ်အုပ်ချုပ်ရေးအဖွဲ့ (သို့) မြို့နယ် အုပ်ချုပ်ရေးအဖွဲ့သို့ အကြောင်းကြားပြီးမှ သွားလာကြရန် အသိပေးထားသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့နောက်ပိုင်းမှ အကြမ်းဖက်စစ်ကောင်စီအား စွန့်ခွာလာသော ဝန်ထမ်းများအား ခံဝန်ချက်များနှင့်အတူစိစစ်လက်ခံရန် ဆောမြို့နယ်ဌာနပေါင်းစုံ CDM ဉီးဆောင် ကော်မတီမှဆုံးဖြတ်ခဲ့ပြီး နိုဝင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။

ခံဝန်ချက်ထဲတွင် ပြည်သူ့ဆန္ဒအားဆန့်ကျင်၍ နိုင်ငံတော်သစ္စာဖောက်အဖွဲ့ဖြစ်သည့် အကြမ်းဖက် စစ်ကောင်စီယန္တရားတွင် အမျိုးသားညီညွတ်ရေးအစိုးရမှသတ်မှတ်ရက်ထက်ကျော်လွန်၍ ပါဝင်မိခဲ့သော ဝန်ထမ်းအနေဖြင့် ဝန်ခံကတိထိုးသောနေ့ရက်မှစ၍ အကြမ်းဖက်စစ်ကောင်စီအား အပြီးအပိုင်စွန့်ခွာခဲ့ပြီ ဖြစ်ကြောင်း မြို့နယ်ပအဖမှတစ်ဆင့် မြို့နယ် CDM ကော်မတီသို့ တင်ပြရမည်ဖြစ်ကြောင်း ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရအား အပြည့်အဝသစ္စာခံမည်ဖြစ်ကြောင်း ကတိသစ္စာပြုကာ အကြမ်းဖက် စစ်ကောင်စီ၏ မည်သည့်ဝန်ထမ်းနှင့်မျှ အဆက်အသွယ်ထပ်မံမပြုလုပ်တော့ကြောင်း ခံဝန်ကတိတွင် ပါရှိ သည်။

အကြမ်းဖက်စစ်ကောင်စီယန္တရားတွင် သတ်မှတ်ရက်ထက်ပိုမိုပါဝင်ခဲ့သောပြစ်မှုကြောင့် အမျိုးသား ညီညွတ်ရေးအစိုးရမှချမှတ်သည့်ပြစ်ဒဏ်အား ကျေနပ်စွာခံယူမည်ဖြစ်ကြောင်း၊ စစ်ကောင်စီနှင့်ထပ်မံ ပတ်သက်သည်ဟု သံသယရှိပါက ခေါ်ယူတွေ့ဆုံမေးမြန်းခြင်းအား ကြည်ဖြူစွာလက်ခံဖြေကြားရန် တာဝန်ရှိကြောင်း ဆိုသည်။

ဝန်ခံချက်ပါအချက်အလက်များအားချိုးဖောက်မိပါက ကျရောက်လာမည့်ဘေးအန္တရာယ်သည် မိမိတာဝန် သာဖြစ်ပြီး သိရှိလက်ခံလိုက်နာမည်ဖြစ်ကြောင်း အမည်၊ မှတ်ပုံတင်နံပါတ်၊ ထိုးမြဲလက်မှတ်နှင့်အတူ ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ တင်ပြစာရင်းသွင်းမှသာ အကြမ်းဖက်စစ်ကောင်စီအားစွန့်ခွာ ကြောင်း တရားဝင်အသိအမှတ်ပြုမည်ဟု ခံဝန်ချက်ကတိလက်မှတ်ထိုးသောစာတွင် ဖော်ပြထားသည်။

#Mizzima

#မကွေးတိုင်း

#ဆောမြို့နယ်

#CDMဝန်ထမ်း

#ခံဝန်ကတိချိုးဖောက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly