နေအိမ် ဖယ်ရှားရှင်းလင်းခံနေရသည့် ပြည်ကြီးတံခွန်မြို့နယ် ရဲဘော်ကွက်သစ် ရာအိမ်မှူး အသတ်ခံရ

နေအိမ် ဖယ်ရှားရှင်းလင်းခံနေရသည့် ပြည်ကြီးတံခွန်မြို့နယ် ရဲဘော်ကွက်သစ် ရာအိမ်မှူး အသတ်ခံရ

ဇွန် ၆

နေအိမ်ဖယ်ရှားရှင်းလင်းခံနေရသည့် မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် ရဲဘော်ကွက်သစ်မှ ရာအိမ်မှူးတစ်ဦး၊ ယနေ့နံနက်ပိုင်းက အသတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

“စကစ ဘောမ သိန်းစိုးတဲ့၊ သူက စကစက ကျူးတွေဆိုပြီးတင်းကြမ်းဖျက်နေတဲ့ ရဲဘော်ကွက်သစ်ထဲမှာ လူကြီးလုပ်နေတဲ့သူပါ၊ မနက်ကတော့ ကျည်သုံးချက်စားပြီး ငရဲရောက်သွားပြီ” ဟု ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ တစ်ခုနှင့် နီးစပ်သူက အတည်ပြုပြောသည်။

အသတ်ခံရသူသည် ရဲဘော်ကွက်သစ် မင်္ဂလာလမ်းနှင့် ၇၈ လမ်းထောင့်နေထိုင်သူ ရာအိမ်မှူးဦးသိန်းစိုး(ခ)ဦးလှ​အောင် ဆိုသူဖြစ်ပြီး၊ ၄င်း၏ အကြော်တဲအတွင်း၊ သားဖြစ်သူနှင့်အတူရှိနေချိန် ယနေ့နံနက် ၆ နာရီခန့်က အသတ်ခံလိုက်ရခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီ ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှသိရ သည်။

ရာအိမ်မှူး ဦးသိန်းစိုး(ခ)ဦးလှအောင်ကို ဆိုင်ကယ်စီးသေနတ်သမားနှစ်ဦးက သေနတ်ဖြင့် အနီးကပ်သုံးချက်ဆင့် ပစ်ခတ်သွားခြင်းဖြစ်ပြီး၊ ခန္ဓာကိုယ်အလယ်ပိုင်းကျည်ဖောက်၀င် ဒဏ်ရာသုံးချက်ဖြင့် နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်ကြောင်း အဆိုပါသတင်းရင်းမြစ်ကပြောသည်။

၄င်းအား မည်သည့်အဖွဲ့အစည်းက ပစ်သတ်သွားကြောင်းတော့လတ်တလော မသိရသေးပေ။ ပြည်ကြီးတံခွန်မြို့နယ်တွင် ဇွန်လ ၄ ရက်နေ့ကလည်း၊ ၇၃ လမ်းနှင့် ၁၁၆ လမ်းထောင့် နေအိမ်များကို ဖျက်ဆီးနေသည့် စစ်ကောင်စီ၏ ကျူးရှင်းလင်းရေးအဖွဲ့ တိုက်ခိုက်ခံခဲ့ရပြီး၊ စစ်သားတချို့ထိခိုက်ဒဏ်ရာ ရခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ဖူးသည်။

#mizzima

#မန္တလေးတိုင်း

#ပြည်ကြီးတံခွန်မြို့နယ်

#နေအိမ်ဖယ်ရှားရှင်းလင်း

#ရာအိမ်မှူးအသတ်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly