ကော့သောင်း-ရနောင်းနယ်စပ်ဂိတ် မြန်မာဖက်မှ တရား၀င်ပြန်ဖွင့်

By ကိုရွှေမြိတ်
06 June 2022
ကော့သောင်း-ရနောင်းနယ်စပ်ဂိတ် မြန်မာဖက်မှ တရား၀င်ပြန်ဖွင့်

ကော့သောင်း၊ဇွန်(၆)

မြန်မာနိုင်ငံတောင်ဘက်စွန်းတွင်တည်ရှိသည့် ထိုင်း-မြန်မာနယ်စပ် ကော့သောင်း-ရနောင်းနယ်စပ်ဂိတ် ကို ခေတ္တပိတ်ထားရာမှ ယနေ့ ဇွန်လ ၆ ရက်နေ့တွင် မြန်မာဖက်မှ တရားဝင် ပြန်လည်ဖွင့်လှစ်ပေးလိုက် ပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

COVID -19 ကပ်ရောဂါကြောင့် နှစ် နှစ်ကျော်ကြာပိတ်ထားသည့် အဆိုပါ ကော့သောင်း-ရနောင်း နယ်စပ် ဂိတ်ကို ဇွန်လ ၁ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် ဇွန်လ ၄ ရက်နေ့ တွင်ပြန်ပိတ်ခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။

ကော့သောင်းမြို့ခံတစ်ဦးက “ ဒီနေ့ ဇွန်လ ၆ ရက်နေ့မှာ ပြန်ဖွင့်ပေးလိုက်ပါပြီ။ အရင်အတိုင်း ပြန်လည် သွားလာခွင့်ရမယ်လို့တော့ မျှော်လင့်မိပါတယ် ” ဟု ပြောသည်။

လက်ရှိတွင် ဖွင့်လှစ်လိုက်သည့် ယင်းနယ်စပ်ဂိတ်၌ မြန်မာဘက်သို့ ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်လာမည့် ခရီးသွားများကို ကော့သောင်းမြို့မတံတားတွင် COVID -19 ရောဂါနှင့်ပတ်သက်၍ နှာခေါင်းနှင့် အာခေါင် တို့ဖတ်ယူပြီး စစ်ဆေးခံရမည်ဖြစ်ကာ ဒေသခံများဖြစ်ပါက မိမိတို့နေအိမ်များတွင် သုံးရက် အသွားအလာ ကန့်သတ်နေထိုင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်မာရေးဌာနမှ တာဝန်ရှိသူများက စည်းကမ်းသတ်မှတ်ထားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ယင်းနယ်စပ်ဖြတ်သန်းခွင့်ကို နှစ်နိုင်ငံသဘောတူနယ်စပ်ဖြတ်သန်းခွင့်စာအုပ်(Border Pass )ဖြင့် ဖြတ် သန်းခွင့်ပြုထားကာ ကုန်ကျစရိတ်မှာ ၁,၀၀၀ ကျပ်ဖြစ်ပြီး ဓါတ်ပုံ နှစ်ပုံ၊ မှတ်ပုံတင် မူရင်း/မိတ္တူနှင့် အိမ် ထောင်စုစာရင်း မူရင်း/ မိတ္တူများဖြင့်ပြုလုပ်ရပြီး ကော့သောင်းမြို့ခံများကိုသာ သွားလာဖြတ်သန်းခွင့်ပြု ထားကြောင်း သိရသည်။

နှစ်နိုင်ငံသဘောတူ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်(Border Pass)တွင် မြန်မာလူဝင်မှုကြီးကြပ်ရေးဌာန (လဝက) မှ အထွက်တုံးထုပေးပြီး ထိုင်း(လဝက)မှ လက်ခံသလောက် နေထိုင်ခွင့်ရှိကြောင်း ခရီးသွား ပြည်သူများထံမှ သိရသည်။

#Mizzima

#ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်

#ထိုင်းနိုင်ငံ

#BorderPass

#ပြန်လည်ဖွင့်လှစ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly