မေလ ၃၁ ရက်
မြန်မာအစိုးရ၏ ရိုဟင်ဂျာများ အပေါ် ကျူးလွန်ခဲ့မှုများ အပါအဝင် ရိုဟင်ဂျာများ အကြောင်း ရေးသားထားသည့် Myanmar’s Rohingya Genocide စာအုပ်ကို ဖြန့်ဝေသည့် လွင်ဦး စာပေတိုက်ကို စစ်ကောင်စီက မေလ ၂၈ ရက်နေ့မှ စ၍ ထုတ်ဝေခွင့် ပိတ်သိမ်းလိုက်သည်။
Ronan Lee ရေးသားထားသည့် Myanmar’s Rohingya Genocide ဟူသော စာအုပ်ကို မေလ ၂၇ ရက်နေ့တွင် တင်သွင်းထုတ်ဝေ ဖြန့်ချိရောင်းချခဲ့ကြောင်း တွေ့ရှိရသဖြင့် ရောင်းချခဲ့သည့် လွင်ဦး စာပေတိုက်ကို ပိတ်သိမ်း လိုက်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများက ကြေညာသည်။
အဆိုပါ စာအုပ်ကို ထုတ်ဝေခဲ့သည်ဟု စစ်ကောင်စီဘက်က ကြေညာခဲ့သော်လည်း လွင်ဦး စာပေတိုက်၏ Lwin Oo Book Store ဟူသော လူမှုကွန်ရက် စာမျက်နှာတွင်လည်း မေလ ၂၅ ရက်နေ့ ထိသာ စာအုပ် အရောင်းများ တင်ထားသည်ကို တွေ့ရှိရသည်။
ပိတ်သိမ်းခြင်း ခံရသည်နှင့် ပတ်သက်ပြီး လွင်ဦးစာပေတိုက်ကို မဇ္ဈိမက အမျိုးမျိုး ဆက်သွယ် ခဲ့သော်လည်း တုံ့ပြန် ဖြေကြားခြင်း တစ်စုံတစ်ရာ မရှိသေးပေ။
ထုတ်ဝေခွင့် ပိတ်သိမ်းခံရခြင်း အပေါ်တွင် စာအုပ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက “အခု စစ်ကောင်စီ ဆတ်ဆတ်ထိ မခံတဲ့ စာအုပ်ကို သူတို့ ထုတ်လိုက်တာ။ နောက်တစ်ချက်က ပြန်ဆက်ရုံးမှာ သွားတင်တယ်လို့ မထင်မိဘူး။ သွားတင်ရင် သူတို့က ဖြန့်ခွင့် မရရင် ဆိုင်တွေပေါ်ကနေ ပြန်သိမ်းပေးပါ ဆိုတာမျိုး အကြောင်းပြန်တယ်။ အခုက တိုက်တစ်ခုလုံး ပိတ်လိုက်တာက အဲဒီအဆင့်ကို ကျော်လို့လည်း ဖြစ်နိုင်တယ်။ အခြား အကြောင်းတွေလည်း ရှိနိုင်တယ်။ ဖမ်းဆီး မခံရတာကို ကံကောင်းတယ် ပြောရမယ် ” ဟု ဆိုသည်။
Ronan Lee သည် "Myanmar's Rohingya Genocide: Rohingya Perspectives of History and Identity" စာတမ်း ဖြင့် Deakin တက္ကသိုလ်မှ ဒေါက်တာဘွဲ့ ရရှိခဲ့သူ တစ်ဦးဖြစ်ပြီး Myanmar’s Genocide Rohingya စာအုပ်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ဝေခဲ့သည်။
အဆိုပါ စာအုပ်ထဲတွင် ရိုဟင်ဂျာ အရေးနှင့် ပတ်သက်ပြီး ကမ္ဘာမှ အာရုံစိုက်လာပုံများ ၊ ရိုဟင်ဂျာများ၏ လူမျိုး ဖြစ်တည်မှု ၊ယဉ်ကျေးမှု သမိုင်းအထောက်အထားနှင့် မြန်မာအစိုးရ၏ ရိုဟင်ဂျာများ အပေါ် ကျူးလွန်ထားသည့် လူမျိုးတုံး သတ်ဖြတ်မှုများ အကြောင်းများကို နာရီ ထောင်နှင့်ချီသော အင်တာဗျုးများဖြင့် ရေးသားထုတ်ဝေထားသော စာအုပ်တစ်အုပ် ဖြစ်သည်။
“Genocide လူမျိုးတုံးသတ်ဖြတ်မှုက ကမ္ဘာပေါ်မှာ အကြီးမားဆုံး ရာဇဝတ်မှု။ ဒီရာဇဝတ်မှုကို စစ်တပ်က ဆယ်စုနှစ် လေးခုကျော် ကျူးလွန်ခဲ့တယ်။ သူတို့ အဲလို ကျူးလွန်ထားကြောင်း အပြည့်အစုံ ရေးသားထားတဲ့ စာအုပ်ကို ဖြန့်ချီတော့ သူတို့ရင်ဘတ်ကို ဆောင့်ကန်သလို ဖြစ်နေတယ်။ ပြီးတော့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ပညာရှင် တစ်ဦးက အသေးစိတ် ရေးထားတာကို မြန်မာလူထုက သေချာ သိသွားမှာကို ကြောက်လို့ ထုတ်ဝေခွင့်လိုင်စင် ပိတ်လိုက်တဲ့ အထိ လုပ်လိုက်တာပါ။ ဒါမျိုး နောက်စာအုပ်တိုက်တွေက မလုပ်ရဲတော့အောင် လုပ်လိုက်ခြင်းလည်း ဖြစ်ပါတယ် ” ဟု ယခု စာအုပ်နှင့် စာအုပ်တိုက် အပိတ်ခံရသည့် အပေါ်တွင် ရိုဟင်ဂျာ လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ တွဲဖက် တည်ထောင်သူ ရိုနေဆန်းလွင် က ပြောသည်။
စစ်ကောင်စီ လက်ထက်တွင် စာအုပ် ထုတ်ဝေမှုကြောင့် စာအုပ်တိုက် ပိတ်သိမ်း ခံရသည်မှာ ၂၀၂၂ ခုနှစ်အတွင် နှစ်တိုက် ရှိနေပြီ ဖြစ်သည်။ ပြီးခဲ့သည့် ဧပြီလအတွင်းက အမျိုးသားချင်း အဓမ္မ ပြုကျင့်ပြီးနောက် ချစ်ကြိုက်သွားသည့် အကြောင်း ရေးသားထားသည်ဟု ဆိုသည့် ‘My Possessive Step-Bro’ စာအုပ်ကို ထုတ်ဝေခဲ့သည့် ရွှေလာဘ် စာအုပ်တိုက်ကိုလည်း စစ်ကောင်စီက ပိတ်သိမ်းခဲ့သေးသည်။