ပလက်ဝတွင် AA နှင့် စစ်ကောင်စီတပ် တ​ကျော့ပြန်တိုက်ပွဲများ

ပလက်ဝတွင် AA နှင့် စစ်ကောင်စီတပ် တ​ကျော့ပြန်တိုက်ပွဲများ

မေ ၂၆

ကုလားတန်မြစ်အတွင်း စစ်လှေတစ်စင်းက စစ်ကောင်စီတပ်သားအပြည့်တင်ဆောင်၍ မေလ ၂၄ ရက်နေ့က မြစ်အထက်ပိုင်းကို မောင်းနှင်သွားသည်။ မိုးကာဖြင့်ဖုံးအပ်ထားသောစက်လှေတွင် စစ်သည်အင်အား ၁၀၀ ကျော်ရှိမည်ဟု ခန့်မှန်းရသည်။

ချင်းပြည်နယ်တောင်ပိုင်း မတူပီခရိုင်တွင်းပါရှိသော ပလက်၀နှင့် ရခိုင်ပြည်နယ်ကျောက်တော်ကို ကုလားတန်မြစ်သည်ဖြတ်သန်းစီးဆင်းကာဆက်သွယ်ပေးထားပြီး စက်လှေနှင့်ဆိုလျှင် နေ့တဝက်နီးပါးကြာသည်။ ကျောက်တော်မှ စက်လှေဖြင့် နံနက် ၇ နာရီခွဲထွက်လျှင် ပလက်၀သို့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင်ရောက်သည်။

ဒီမြင်ကွင်းက သိပ်ထူးထူးခြားခြားကြီးမဟုတ်လှသော်လည်း ပလက်၀ ဒေသခံတို့တွက်ကိန်းကတော့ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား တကျော့ပြန်တိုက်ပွဲများ ပြန်ဖြစ်လာလိမ့်မည်ဟုတွက်ခဲ့ကြသည်။

ဒေသခံတို့တွက်ဆခဲ့သလိုလည်း တိုက်ပွဲများ ကုလားတန်မြစ်အထက်ပိုင်း ပီချောင်းကျေးရွာအုပ်စုဘက်တွင် ယနေ့ မေလ ၂၆ ရက်နေ့နံနက်တွင် ပြန်ဖြစ်ခဲ့သည်။

ကုလားတန်မြစ်အထက်ပိုင်းကား ၂၀၁၅ခုနှစ်ထဲကစတင်ပြီး AA က ခြေကုပ်ယူထားသောနေရာဖြစ်သည်။ ကုလားတန်မြစ်ကြောင်းတစ်ခုလုံးကိုဆိုလျှင် ၂၀၁၉ ခုနှစ်ကတည်းကAA ကထိန်းချုပ်ထားနိုင်ခဲ့ပြီး ဖြတ်သန်းသွားသော စက်လှေများ၊ပဲ့ထောင်များကို စစ်ဆေးနိုင်စွမ်းရှိနေခဲ့သည်။ စစ်ကောင်စီတပ်များကတော့ ၂၀၂၀ ခုနှစ်မှစတင်ပြီး ကုလားတန်မြစ်ကြောင်းအတွင်း စစ်ဆေးရေးဂိတ်နှစ်ခုသာ ထားရှိရာက ယခုအခါတွင် မြစ်အတွင်းစိုးမိုးနိုင်မှုပိုလာသည့်သဘောဖြစ်သည်။

ကျောက်တော်မြို့အနီးမှာ စစ်ကောင်စီတပ်နှစ်ခုရှိသည်။ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၉) နှင့် ပလက်ဝမြို့တဖက်ကမ်းမှာ အခြေစိုက်ထားသည့်တပ်ရင်း(၂၈၉) တို့ဖြစ်သည်။ သို့သော် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပလက်ဝနှင့်ကျောက်တော်ကြားမုန့်သန်းပြင် ကျေးရွာတွင် စစ်ကောင်စီတပ်များတပ်စွဲထားလာခဲ့သည်။

ပလက်၀မြို့ပေါ်တွင် စစ်ကောင်စီတပ်ရင်း (၂၈၉)၊ ရှင်းလက်ဝ(ထရိုင်)တွင်စစ်ဗျူဟာတစ်ခုနှင့် ဆမီးစစ်ဗျူဟာတစ်ခုရှိပြီး နယ်မြေစိုးမိုးရေးအတွက် တပ်မ (၅၅) လက်အောက်ခံတပ်၊ တပ်မ (၇၇) လက်အောက်ခံတပ်နှင့်တပ်မ (၁၁) လက်အောက်ခံတပ်များရှိသည်။ သို့သော် စစ်ကောင်စီတပ်များမှာ တပ်စခန်းများနှင့်မြို့ပေါ်တွင်သာထိန်းချုပ်နိုင်စွမ်းရှိပြီး AA က ကျေးရွာများတွင် လွှမ်းမိုးထားနေခဲ့သည်။

စစ်ကောင်စီတပ်၏ တပ်လှုပ်ရှားသွားလာမှုပင် AA တပ်နှင့်ညှိနှိုင်းလုပ်နေခဲ့ရသည်ဟု စစ်ရေးလေ့လာသူများက ပြောသည်။

သို့သော် ဒေသခံများအပြောအရ အာဏာသိမ်းပြီးနောက်ပိုင်း ပလက်၀-ဆမီးလမ်းခရီးတွင် စစ်ကောင်စီတပ်ဂိတ်များ တိုးပွားလာခဲ့ရာ တစ်ဒါဇင်ခန့်ပင်ရှိသည်ဟုဆိုသည်။

ထို့အပြင် တပ်မ (၁၁)တပ်မမှူးပင်အထိုင်ချကာရှိနေသည်ဟု စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။

''စစ်တပ်ကအခုမှ ကုလားတန်မြစ်ကြောင်းကိုထိန်းချုပ်နိုင်တယ်ပြောရမလား။ ဂိတ်တွေဖွင့်ထားတယ်ပေါ့ ။ ဒါပေမယ့် ဒီကုလားတန်းမြစ်ကြောင်းမှာ ၂၀၁၇ ခုနှစ်ကဆိုရင် တပ်တွေတော်တော်လေးကိုကျတာ။ ဟိုဘက်ကမ်းဒီဘက်ကမ်းကို လှေနဲ့ကူးတာ AA ကလက်နက်ကြီးနှင့်ပစ်လို့ ဗိုလ်မှူး၊ဗိုလ်ကြီးတွေသေကြတာ မနည်းဘူးလေ''ဟု စစ်ရေးလေ့လာသူက ပြောသည်။

၂၀၁၇ ခုနှစ်က ကုလားတန်မြစ်အထက်ပိုင်း နှုံးဘူးကျေးရွာနှင့် ငစပ်ကျေးရွာအကြားတွင် နေပြည်တော်စစ်တပ်လိုက်ပါလာသည့် စက်လှေတစ်စင်းကို AA မှ လက်နက်ကြီးနှင့်ပစ်ခတ်သဖြင့်ဗိုလ်မှူးအပါအဝင် ၁၈ ဦးသေဆုံးခဲ့သည့်အဖြစ်အပျက်ကို သူက ပြောဆိုခြင်းဖြစ်သည်။

မေလ ၁၆ ရက်နေ့ကလည်း ပလက်ဝမြို့နယ်ထဲက သံတောင်ကျေးရွာမှာ ရှိသည့်တပ်စခန်းတစ်ခုကို ရိက္ခာလာပို့သည့်စစ်တပ်သုံးရဟတ်ယာဉ်တစ်စီးကို သံတောင်တစ်ဖက်ကမ်းကနေ AAအဖွဲ့ တွေကပစ်ခတ်သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ ၎င်းတိုက်ပွဲသည် အပစ်ခတ်ရပ်စဲမှု နှစ်နှစ်နီးပါးအကြာမှာ ပလက်၀မြေမှာ တကျော့ပြန် AA နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်သည်။

''ပလက်ဝကတော့ စစ်တပ်နဲ့ AA ၊ CDF (Chin Defence Force)၊ CNA (Chin National Army) တို့ကအချိန်မရွေးထပြီးပေါက်ကွဲနိုင်တဲ့ဗုံးတစ်လုံးလိုဖြစ်နေပြီ။ ' 'ဟုလည်း ပလက်ဝသားတစ်ဦးက ပြောသည်။

၂၀၁၇ ခုနှစ်မှစတင်ပြီး ပလက်ဝမြို့နယ်အတွင်းရှိကျေးရွာအများအပြားမှပြည်သူများစစ်ဘေးရှောင်ကြရတော့သည်။

ကုလားတန်မြစ် အထက်ပိုင်းမှာရှိ တဲ့ကုန်းပြင်ကျေးရွာအနီးတွင်ဖြစ်ပွားသောတိုက်ပွဲကြောင့် အနီးတစ်ဝိုက် ကျေးရွာနေသူတွေ ထွက်ပြေးလာကြပြီး ရှင်းလက်ဝအောက်ရွာမှာ ၃၀၉ ဦး၊ အောက်ဘလိုင်ကျေးရွာ၂၈၁ ဦး၊ ဘဲဒင်ဝကျေးရွာမှာ ရှစ်ဦး၊ ကာရာမိတ်ကျေးရွာ ကိုးဦး၊ မီးဇာကျေးရွာ နှစ်ဦးနှင့် ဒိုးချောင်းဝကျေးရွာထဲကိုတစ်ဦးထွက်ပြေးခဲ့ရသည်ဟု ယခင်ကပလက်ဝမှာစစ်ဘေ းရှောင်တွေကို ကူညီပေးခဲ့ဖူးသူ တစ်ဦးကပြောသည်။

လက်ရှိ ချင်းပြည်နယ်တွင်လူဦးရေတစ်သိန်းဝန်းကျင်ရှိပြီး စစ်ဘေးရှောင်စခန်း လေးနေရာရှိရာ ပလက်ဝစစ်ရှောင်စခန်း၊ ဆမီးစစ်ရှောင်စခန်း၊စိမ့်စင်းဝစစ်ရှောင်စခန်းနှင့် မီးဇာစစ်ရှောင်စခန်းတို့ဖြစ်ရာ စစ်ဘေးရှောင်စုစုပေါင်း တစ်သောင်းကျော်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly