မင်းဘူးမြို့ အမှတ်(၄) ရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နေအိမ်တွင် ပစ်ခတ်ခံရပြီး သေဆုံး

မင်းဘူးမြို့ အမှတ်(၄) ရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နေအိမ်တွင် ပစ်ခတ်ခံရပြီး သေဆုံး

မေ ၂၆

မကွေးတိုင်း၊ မင်းဘူးမြို့၊ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့ နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး အုပ်ချုပ်ရေးမှူးသည် မေလ ၂၄ ရက်နေ့တွင် မကွေးပြည်သူ့ဆေးရုံ၌ သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

မှန်ကင်း ဘုန်းကြီးကျောင်း အနီး လေးအိမ်တန်းရှိ အုပ်ချုပ်ရေးမှူး ဦးစိန်သောင်း ၏ နေအိမ်သို့ မေလ ၂၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က ရပ်ကွက် ထောက်ခံစာ လုပ်ရန်ဟု ပြောဆိုပြီး အိမ်အတွင်း ဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဦးစိန်သောင်း ကို မကွေးဆေးရုံကြီးသို့ ပို့ဆောင် ကုသရာ မေလ ၂၄ ရက်နေ့တွင် သေဆုံးခဲ့ပြီး မင်းဘူး မြောက်ဘက် သုံးမိုင်ခန့်အကွာရှိ မယ်ဘေ့ကုန်းရွာတွင် မေလ ၂၅ ရက်နေ့က သင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

''မေလ ၂၂ ရက်နေ့က ဦးစိန်သောင်း သေနတ်နဲ့ လေးချက် အပစ်ခံခဲ့ရတာ၊ မကွေးဆေးရုံကြီးကို ချက်ချင်း ပို့ကြပြီးတော့ ၂၄ ရက် မနက်မှာ သေပြီဆိုပြီး သူ့အိမ်က အသုဘအတွက် ပြင်ဆင်နေတုန်း အသက် ပြန်ရှူလာလို့ ပြင်ထားတာတွေ ပြန်ဖျက်ရတယ်။ အောက်စီဂျင် ပေးပြီး ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်နေတယ်လို့ ကြားတယ်။ ဆုံးပြီလို့ လိုင်းပေါ်မှာ တင်တဲ့ သူတွေတောင် လိုက်ဖမ်းဖို့ ရှာတယ်ကြားလို့ ပြန်ဖြုတ်ပစ် ကြရတယ်။ နေ့လယ် ၁၂ နာရီ ၃၅ မိနစ်မှာတော့ တကယ်သေပြီး မနေ့က ၂၅ ရက်နေ့မှာ သူ့ရွာပြန် သင်္ဂြိုဟ်တာ၊ သူ့ဇနီးက မနေ့က ဆေးရုံက ဆင်းတယ်'' ဟု ဒေသခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။

သေဆုံးသူသည် စစ်ကောင်စီနှင့် ပူးပေါင်းပြီး မြို့ခံ ပြည်သူလူထုကို နည်းလမ်းမျိုးစုံနှင့် ခြိမ်းခြောက် ညှဉ်းပန်းနေ သဖြင့် ရှင်းလင်းခံရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆို သော်လည်း မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

#Mizzima

#မင်းဘူးမြို့

#မှန်ကင်းဘုန်းကြီးကျောင်း

#မကွေးဆေးရုံကြီး

#ရပ်ကွက်ထောက်ခံစာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly