အာဏာသိမ်း စစ်တပ်ထုတ်ပစ္စည်းများအား သပိတ်မှောက်ရန် AA အဆင့်မြင့်အရာရှိ တိုက်တွန်း

အာဏာသိမ်း စစ်တပ်ထုတ်ပစ္စည်းများအား သပိတ်မှောက်ရန် AA အဆင့်မြင့်အရာရှိ တိုက်တွန်း

မေ ၁၈

ရက္ခိုင့်တပ်တော်(AA) ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်မှူးအေးထွန်းသည် စစ်ကောင်စီတပ်၏ စီးပွားရေးလုပ်ငန်းပိုင် ဦးပိုင်ကုမ္ပဏီများမှ ထုတ်လုပ်သည့် ထုတ်ကုန်များကို ရခိုင်ပြည်သူ များ မသုံးစွဲကြရန် တိုက်တွန်းလိုက်သည်။

ဗိုလ်မှူးအေးထွန်း(ခေါ်)ထွန်းမင်းနိုင်က သူ၏ ဖေ့စ်ဘွတ်စ် လူမှုကွန်ရက်စာမျက်နှာတွင် မေလ ၁၇ ရက်က ရခိုင်ဘာသာစကားဖြင့် ရေးသားထားခြင်းဖြစ်သည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်ထဲက ကုန်စည်စီးဆင်းမှုများကို အနှောင့်အယှက်ပေးပြီး ရခိုင်ပြည်သူလူထု အငတ်ဘေးဆိုက်အောင် အနုနည်းဖြင့် ပြုလုပ်နေသည့်အတွက် စစ်ကောင်စီထုတ်ကုန်များကို မသုံးစွဲရန် ၎င်းက တိုက်တွန်းထားခြင်းဖြစ်သည်။

“ ရက္ခိုင်ပြည်သူတွေကလည်း ဦးပိုင်ထုတ်ပစ္စည်းများကိုလုံးဝမသုံးစွဲကြဖို့ တာဝန်ရှိတယ်။ ရက္ခိုင်ပြည် သူတွေကို ထမင်းငတ်အောင်၊ ဒုက္ခရောက်အောင်လုပ်တဲ့သူတွေကို တန်ပြန်လုပ်ရမယ့် တာဝန်ရှိတယ်။ ဦးပိုင်ထုတ်ကုန်တွေကို လုံးဝမသုံးကြပါနဲ့” ဟု ဗိုလ်မှူးအေးထွန်းက ရေးသားထားသည်။

Mytel မသုံးစွဲရန်၊ အရက်၊ ဘီယာတို့ အပါအဝင် ဦးပိုင်ထုတ်ကုန်များကို မသုံးစွဲရန်ပြောဆိုထားခြင်းဖြစ်ပြီး အခြား မသိရသေးသောထုတ်ကုန်များနှင့် ပတ်သက်ပြီး ဗမာပြည်သူများထံ စုံစမ်းမေးမြန်းရန်လည်း ၎င်းက အကြံပြုထားသည်။

စစ်ကောင်စီတပ်ထုတ်ပစ္စည်းများ သပိတ်မှောက်ရန်လိုသော်လည်း ထုတ်ကုန်ပစ္စည်းများ လက်ဝယ်ရှိထားသည့် ရခိုင်ကုန်သည်များ မနစ်နာစေရန် အချိန်တစ်ခုယူရမည်ဟု ကျောက်တော်မြို့နယ်မှ လူမျိုးရေးတက်ကြွလုပ်ရှားသူ ကိုဇော်ဝင်းက ပြောသည်။

“ ပြည်သူတွေသုံးစွဲဖို့အတွက် အဓိကထား ရောင်းချနေကြတဲ့ ကုန်သည်တွေအနေနဲ့ အခက်အခဲတွေရှိ လာမယ်လို့ စဉ်စားမိတယ်။ ကုန်သည်တွေအတွက် ကာလတစ်ခု သတ်မှတ်ပေးရမယ်။ ကာလတစ်ခုဆိုတာက သူတို့မှာရှိထားတဲ့ ပစ္စည်းတွေကိုရောင်းကုန်အောင် နောက်ပြီး ထပ်ပစ္စည်းတွေ မှာမယူရအောင် လုပ်ရမယ်။ အခုလိုပြောတာကလည်း စစ်ကောင်စီပစ္စည်းတွေကို စွန့်စေချင်လို့မဟုတ်ဘူး။ ကုန်သည်တွေကိုလည်း မနစ်နာစေချင်လို့ပါ။ အဲ့တာကြောင်း တဖြည်းဖြည်း တစ်လခွဲဖြစ်စေ၊ တစ်လဖြစ်စေ ဖြည်းဖြည်းသွားမယ်။” ကိုဇော်ဝင်းကပြောသည်။

ကုန်ပစ္စည်းများ ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်ရန် ဖြတ်သန်းရသည့် အမ်းမြို့တွင် စစ်ကောင်စီက ပြုလုပ်ထားသည့် စစ်ဆေးရေးဂိတ်ရှိသည်။ ထို့ဂိတ်သို့ ဝင်ရောက်လာသည့် ကုန်တင်ကားများကို စစ်ကောင်စီတပ်က စစ်ဆေး နှောင့်ယှက်နေပြီး ကုန်ပစ္စည်းများကို ဓါးဖြင့်ထိုး စစ်ဆေးမှုများရှိနေသည်ဟုသိရသည်။

#Mizzima

#ရက္ခိုင့်တပ်တော်(AA)

#ဦးပိုင်ထုတ်ပစ္စည်းများ

#စစ်တပ်ထုတ်ပစ္စည်းများအားသပိတ်မှောက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly