ချောင်းဦးမြို့မှ မြောင်မြို့ဘက်သို့လာသည့် စစ်ကောင်စီတပ်ဖွဲ့ယာဉ် မိုင်းဆွဲခံရ

ချောင်းဦးမြို့မှ မြောင်မြို့ဘက်သို့လာသည့် စစ်ကောင်စီတပ်ဖွဲ့ယာဉ် မိုင်းဆွဲခံရ

မေ ၁၈

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့မှ မြောင်မြို့သို့ ကင်းပုန်းချရန်အတွက် လာသော စစ်ကောင်စီတပ်သား ခုနစ်ဦးပါ အန်စာတုံးယာဥ်အား နတ်ရေကန်ရွာနှင့် ငါးရှန်ရွာကြား၌ မေလ ၁၇ ရက်နံနက် ၁၀နာရီ ၄၅မိနစ်အချိန်ခန့်တွင် ဒေသခံကာကွယ်ရေးအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှု မပြုလုပ်မီ နံနက် ၅နာရီ၃၀မိနစ်အချိန်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ရန်စောင့်ဆိုင်းနေသော ကာကွယ်ရေးအဖွဲ့များအား ဂွေးပင်တောလမ်းပိုင်းတွင် စစ်ကောင်စီတပ်မှ လိုက်လံပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးအဖွဲ့ဝင်များမှာ အသက်လုပြေးလွှားခဲ့ရသည်ဟု တပ်ဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

"မိုင်းဆွဲတဲ့နေရာနဲ့ ပစ်ခံရတဲ့နေရာက တူတူပဲတော့မဟုတ်ဘူး၊ အဲ့တုန်းက မနက်စောစောခွေးတွေလာတာစောင့်နေရင်းနဲ့ သူတို့က အလစ်ချောင်းပစ်ခံရတယ်၊ ကျွန်တော့်အဖွဲ့တွေမှာ လွတ်အောင်မနည်းပြေးလိုက်ရတယ်၊ နောက်တစ်နေရာမှာမိုင်းဆွဲတယ်၊ ဆွဲလိုက်တော့ ငါးကောင်သေတယ်၊နှစ်ကောင်ဒဏ်ရာရတယ်"ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM) အဖွဲ့တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ အန်စာတုံးအမျိုးအစား ကားကို အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)-M2W အဖွဲ့မှ ထုတ်လုပ်သောမိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီမှ ငါးဦးသေဆုံးကာနှစ်ဦးဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူများအနက်တစ်ဦးမှာ ခါးအောက်ပိုင်းပြတ်ကာ သေဆုံးသွားခြင်း ဖြစ်သည်ဟု သိရသည်။

ကာကွယ်ရေးတပ်ဖွဲ့များက တစ်တောင့်ထိုးသေနက်တစ်လက်၊ ဖုန်းနှစ်လုံး၊ ဘက်ထရီအိုးနှစ်လုံးနှင့် ဝါယာကြိုးခွေတို့ကို ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

ယင်းလုပ်ဆောင်မှုကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)၊ပြည်သူ့တပ်မတော်(မြောင်)၊MUA စစ်ကိုင်းခရိုင်တပ်ရင်း(၁)၊(၂)တပ်ခွဲ(၃)၊ကန္တာရသိန်းငှက်တူမီးဖိုက်တာ၊Black Eagle Defence Force၊ChaungU Revolution Army၊Myin Mu Civil Revolution Force အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

#စစ်ကိုင်းတိုင်း

#ချောင်းဦးမြို့နယ်

#မြောင်မြို့နယ်

#စစ်ကောင်စီတပ်သား

#မိုင်းဆွဲခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly