အမေရိကန်နှင့် အာဆီယံခေါင်းဆောင်အချို့ NUG နိုင်ငံခြားရေးဝန်ကြီးကို လက်ခံတွေ့ဆုံမှု စစ်ကောင်စီကန့်ကွက်

အမေရိကန်နှင့် အာဆီယံခေါင်းဆောင်အချို့ NUG နိုင်ငံခြားရေးဝန်ကြီးကို လက်ခံတွေ့ဆုံမှု စစ်ကောင်စီကန့်ကွက်

မေ ၁၅

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို အမေရိကန်နှင့် အာဆီယံမှ တာဝန်ရှိသူများက လက်ခံတွေ့ဆုံမှု အပေါ် ကန့်ကွက်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနက မေလ ၁၄ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။

အာဆီယံ နိုင်ငံအားလုံး အပါဝင် မိတ်ဖက်နိုင်ငံများမှ အစိုးရ တာဝန်ရှိသူများ၊ လွှတ်တော် အမတ်များ အနေဖြင့် အကြမ်းဖက် အဖွဲ့အစည်းများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များအား ထိတွေ့ ဆက်ဆံခြင်းနှင့် အားပေးပံ့ပိုးခြင်းများ မပြုလုပ်ကြရန် ဟု စစ်ကောင်စီက ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး NUG ၏ အာဆီယံဆိုင်ရာ ကိုယ်စားလှယ် ဦးဘိုလှတင့်က” NUG ကို တလေးတစား လက်ခံ တွေ့ ဆုံတာတွေကို လိုက်ပြီး ကန့်ကွက်နေရတဲ့ ကိုယ့်အဆင့်ကိုယ် နားလည်ဖို့ ကောင်းတယ်လို့ပဲ ပြောချင်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

အာဆီယံ-အမေရိကန် အစည်းအဝေး ကျင်းပနေစဉ် ကာလအတွင်း နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်သည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဝါရှင်တန်ဒီစီ၌ တွေ့ဆုံခဲ့သည်။ ဒေါ်ဇင်မာအာင်သည် မလေးရှားဝန်ကြီးနှင့်လည်း သီးသန့် တွေ့ဆုံခဲ့သေးသည်။

အမေရိကန်-အာဆီယံထိပ်သီး အစည်းအဝေးပြီးနောက် ပူးတွဲကြေညာချက် ၂၇ ချက်ကို ထုတ်ပြန်ခဲ့ပြီး ၂၆ ချက်မြောက်တွင် မြန့်မာ့အရေးနှင့် ပတ်သက်ပြီးလည်း ထည့်သွင်းခဲ့သည်။

ထုတ်ပြန်ချက်တွင် မြန်မာ့အရေးအတွက် အာဆီယံ ခေါင်းဆောင်များ ချမှတ်ထားသည့် သဘောတူညီချက် ငါးရပ်ကို အလေးနက်ထား ဆောင်ရွက်ရန်၊ အာဆီယံ အထူးသံတမန်၏ ယုံကြည်မှု တည်ဆောက်ရေးတွင် အလုံးစုံ ပါဝင်နိုင်စေရန်၊ နိုင်ငံတကာ၏ လူသားချင်း စာနာ ထောက်ထားမှု အကူအညီများကို အမှန်တကယ် လိုအပ်နေ သူများထံ ခွဲခြား ဆက်ဆံမှု မရှိဘဲ ရောက်ရှိစေရန်နှင့် နိုင်ငံခြားသားများ အပါဝင် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများ ကို လွှတ်ပေးရန် တို့ ပါဝင်သည်။

အဆိုပါ ပူးတွဲကြေညာချက်တွင် ပါဝင်သည့် မြန်မာ့အရေးနှင့် ပတ်သက်သည့် အချက်ကိုလည်း စစ်ကောင်စီက ကန့်ကွက်ထားသည်။

အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ သက်ဆိုင်ရာ နိုင်ငံကို သမာသမတ် ကျသည့်နည်းဖြင့် ချဉ်းကပ်မှု မရှိခြင်းကို အထင်အရှား တွေ့ရှိရသည်ဟု စစ်ကောင်စီက ဆိုသည်။ ထို့အပြင် တရားမဝင် အဖွဲ့များ ဖြစ်သော CRPH၊ NUG၊ PDF များနှင့် ထိတွေ့ ဆက်သွယ် ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို အားပေးရာ ရောက်နိုင်သည့်အပြင် အကြမ်းဖက်မှုများ တိုက်ဖျက်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်း ဆောင်ရွက်ချက်များကို အဟန့်အတား ဖြစ်စေပြီး နိုင်ငံတကာနှင့် ဒေသတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး သဘောတူညီချက်များကို ချိုးဖောက်ရာ ရောက်စေသည်ဟုလည်း ထုတ်ပြန် ကန့်ကွက်ထားသည်။

အဆိုပါ စစ်ကောင်စီ၏ ကန့်ကွက်ချက်နှင် ပတ်သက်၍ ” သူတို့ အမြဲပြောနေကြ စကားနဲ့ ပြန်ပြောရရင် အမေရိကန်ပြည် ထောင်စုဟာ ဘယ်သူ့သြဇာကိုမှ ခံနေတာ မဟုတ်တဲ့ အချုပ်အခြာ အာဏာပိုင် လွတ်လပ်တဲ့ ပြည်ထောင်စု နိုင်ငံတစ်ခု အနေနဲ့ သူတို့ မှန်တယ်လို့ ယုံကြည်တာကို အပြည့်အဝ လုပ်ပိုင်ခွင့် ရှိပါတယ်။ သူတို့က လုံးဝ အသိအမှတ် ပြုမထားတဲ့ တရားမဝင် စစ်အုပ်စုတစ်ခုရဲ့ ကန့်ကွက်မှုကိုလည်း အရေးတယူ လုပ်နေမှာ မဟုတ်ဘူးလို့ ထင်ပါတယ်” ဟု ဦးဘိုလှတင့်က ပြောသည်။

၄၅ နှစ်ပြည့် အာဆီယံ-အမေရိကန် ဆက်ဆံရေး အထိမ်းအမှတ် အထူးထိပ်သီး အစည်းအဝေးကို အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ မြို့တော်တွင် နှစ်ရက်ကြာ ကျင်းပခဲ့ပြီး မြန်မာကိုယ်စားပြု အနေဖြင့် NUG နှင့် စစ်ကောင်စီ နှစ်ဘက်စလုံးကို ဖိတ်ကြားခဲ့ခြင်း မရှိပေ။

#Mizzima

#ဒေါ်ဇင်မာအောင်

#အာဆီယံ

#ဦးဘိုလှတင့်

#အမျိုးသားညီညွတ်ရေးအစိုးရ (NUG)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required