ပူတာအို ဒေသကို စစ်ကောင်စီတပ်က ရိက္ခာနှင့် စစ်အင်အား ဖြည့်တင်းနေ

ပူတာအို ဒေသကို စစ်ကောင်စီတပ်က ရိက္ခာနှင့် စစ်အင်အား ဖြည့်တင်းနေ

မေ ၁၃

အာဏာသိမ်း စစ်ကောင်စီတပ်သည် ပူတာအိုဒေသ၌ စားသောက်ရိက္ခာနှင့် စစ်အင်အား ဖြည့်တင်း နေကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

ယခု မေလ အစောပိုင်းမှ စ၍ မြစ်ကြီးနား - ပူတာအို ပြည်ထောင်စု လမ်းမကြီး အတိုင်း စစ်ကောင်စီ ယာဥ်တန်းများ သွားလာနေသည်ဟု ဒေသခံများက ဆိုသည်။

“ ဟိုရက်ကလည်း သူတို့ (စစ်ကောင်စီတပ်) တွေ ကားအများကြီးနဲ့ မြစ်ဆုံဘက် သွားလိုက်တာ တွေ့တယ်။ အချို့ကားတွေဆို မိုးကာတွေနဲ့ အုပ်ထားတယ်။ အဲ့ဒီ မိုးကာနဲ့ အုပ်ထားတဲ့ ကားတွေက ယာဥ်တန်း ကြားထဲကနေ လိုက်တယ် " ဟု ဒေသခံ တစ်ဦးက ပြောသည်။

ယမန်နေ့ မေလ ၁၁ ရက်နေ့ ကလည်း အစီး ၅၀ ကျော်ပါ စစ်ကောင်စီ ယာဥ်တန်းသည် မြစ်ကြီးနားမြို့ ရွှေလမ်းမကြီးမှ တစ်ဆင့် ပြည်ထောင်စုလမ်း (မြစ်ကြီးနား - ပူတာအို ) လမ်းမကြီးအတိုင်း ဖြတ်သန်းသွားကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

စစ်ယာဥ်တန်း ဖြတ်သန်းသွားမည့် မြစ်ကြီးနားမြို့နယ် မြစ်ဆုံရွာဟောင်း အောက်ဘက် အာလမ်း ၊ အူဗျစ် ၊ ဂေါ့နန် ၊ ပလန် ကျေးရွာများတွင် ယာဉ်တန်းမလာမီ အဆိုပါနေ့ နံနက် ၉ နာရီ ဝန်းကျင်မှ စ၍ စစ်အင်အား ၆၀ ဝန်းကျင်ခန့်က ရွာနှင့် အနီးဆုံး နေရာများတွင် တပ်စခန်း ချခဲ့သည်။

"စစ်သားအင်အား ၆၀ လောက် ရှိမယ်။ ရွာနားကို ကား နှစ်စီးနဲ့ ရောက်လာလို့ ရွာသားတွေ အကုန် ကြောက်လန့် နေကြတယ်။ နောက်ပြီးတော သူတို့မှာ စစ်ခွေးတွေ ပါတော့ စစ်ပွဲများ ဖြစ်မလားပေါ့ " ဟု မျက်မြင် တွေ့ရှိခဲ့သူက ပြောသည်။

စစ်ကောင်စီတပ်များသည် ဖေဖော်ဝါရီလမှ စကာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး ၎င်းတို့ အထိနာခဲ့ရာ ယင်းအတွက် ပူတာအိုဒေသ ဆွမ်ပရာဘွမ်နှင့် ပူတာအိုမြို့နယ်တို့တွင် စစ်အင်အား ဖြည့်တင်းလာခြင်း ဖြစ်ကြောင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ချို့က မှတ်ချက်ပြုသည်။

#Mizzima

#မြစ်ကြီးနား_ပူတာအိုပြည်ထောင်စုလမ်းမကြီး

#ကချင်လွတ်လပ်ရေးတပ်မတော် (KIA)

#စစ်အင်အားဖြည့်တင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required