တိုင်းရင်းသား လက်နက်ကိုင်များ ငြိမ်းချမ်းရေးပွဲ မတက်ခြင်းက PDF၊ CRPH တို့နှင့် ပတ်သက်နေခြင်းကြောင့်ဟု စစ်ခေါင်းဆောင်စွပ်စွဲ

တိုင်းရင်းသား လက်နက်ကိုင်များ ငြိမ်းချမ်းရေးပွဲ မတက်ခြင်းက PDF၊ CRPH တို့နှင့် ပတ်သက်နေခြင်းကြောင့်ဟု စစ်ခေါင်းဆောင်စွပ်စွဲ

မေ ၁၃

ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ မတက်ရောက်ခြင်းသည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) တို့နှင့် ပတ်သက်နေခြင်းနှင့် ပြည်ပနိုင်ငံများနှင့် ဆက်နွယ် နေခြင်းတို့ကြောင့်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စွပ်စွဲ ပြောဆိုသည်။

ယမန်နေ့ မေ ၁၂ ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် စစ်ကောင်စီ အစည်းအဝေးတွင် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“"KNU ရယ်၊ နောက်တစ်ခါ KIA ရယ်၊ KNPP အဲဒီ နယ်မြေတွေမှာ ရှိတဲ့ တချို့သော သူတို့ အဖွဲ့အစည်းတွေက ကျွန်တော်တို့ဆီမှာ လက်ရှိ အကြမ်းဖက်လို့ သတ်မှတ်ထားတဲ့ PDF၊ နောက်တစ်ခါ CRPH ၊ သူတို့နဲ့ ဆက်နွယ်နေတဲ့ဟာတွေ ရှိတာတွေ့တယ်။ ဒီအဖွဲ့တွေက ပြည်ပနိုင်ငံရဲ့ ပတ်သက်မှုနဲ့ ဆက်နွယ် နေတယ်လို့လည်း ကျနော်တို့ သိထားပါတယ်” ဟု စစ်ခေါင်းဆောင်က ပြောသည်။

ထို့အပြင် နိုင်ငံ့အရေး၊ ပြည်တွင်းအရေးသည် ပြည်ပနိုင်ငံများ ပါဝင် ပတ်သက်နေသမျှ တည်ငြိမ် အေးချမ်းမည် မဟုတ်ကြောင်းလည်း စစ်ခေါင်းဆောင်က ပြောဆိုသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် ပတ်သက်၍ မေလ ၉ ရက်နေ့ နောက်ဆုံး စာရင်းအရ လက်ရှိ ပစ်ခတ်မှုများ မရှိသည့် NCA လက်မှတ်ထိုးထားသည့် ခုနစ်ဖွဲ့နှင့် မထိုးထားသည့် သုံးဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့ တက်ရောက်မည် ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောသည်။

#Mizzima

#ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)

#ငြိမ်းချမ်းရေးဆွေးနွေးပွဲ

#တိုင်းရင်းသားလက်နက်ကိုင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required