ချင်းပြည်နယ်တွင် တစ်ပတ်အတွင်း စစ်ကောင်စီတပ်သား ၇၀ နီးပါး သုတ်သင်နိုင်ဟု CNF ထုတ်ပြန်

ချင်းပြည်နယ်တွင် တစ်ပတ်အတွင်း စစ်ကောင်စီတပ်သား ၇၀ နီးပါး သုတ်သင်နိုင်ဟု CNF ထုတ်ပြန်

မေ ၁၃

ချင်းပြည်နယ်တွင် ဟားခါး - ဖလမ်း - ကလေးလမ်း နှင့် မတူပီ - မင်းတပ်လမ်းများရှိ စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်းအား မေလ ၃ရက် မှ ၉ရက် နေ့အတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆၈ ဦး သေဆုံးခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး CNF က မေလ ၁၂ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာသည်။

စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်းအား တိုက်ခိုက်ရာတွင် ချင်းကာကွယ်ရေး တပ်ဖွဲ့များဘက်က ရှစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

မေလ ၃ရက်နေ့ မှ ၆ရက်နေ့အတွင်း ချင်းအမျိုးသားတပ်ဦး /တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုနယ်မြေတွင် CNA နှင့်အတူ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်) CDF – Thantlang ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ဇိုဖေး) CDF – Zo Phei ၊ ချင်းအမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ CNDF များသည် စစ်ကောင်စီနှင့် တိုက်ပွဲအနည်းဆုံး လေးကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၃၄ ဦးသေဆုံးကာ ၂၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု CNF က ဆိုသည်။

ဟားခါးမြို့မှ ဖလမ်း - ကလေးမြို့သို့ ထွက်ခွာလာသည့် စစ်ကောင်စီ အင်အား ၁၅၀ ခန့်သည် တင့်ကား နှစ် စီး ၊ စစ်ယာဉ်တန်း ၂၇ စီးတို့ဖြင့် ချီတက်လာခြင်းဖြစ်ပြီး ချင်းပူးပေါင်းတပ်ဖွဲ့များက ကြား ဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများမှာ ဟားခါး နှင့် ဖလမ်းမြို့ ကြားလမ်း တစ်လျောက်ရှိ ရမ်ထလို (Ranthlo)ရွာ ၊ တလန်ဇာရ် (Tlangzar) နှင့် တားလ် (Taar) ရွာ တို့ အကြားတွင်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါစစ်ကြောင်းသည် ဟားခါးမြို့မှ နိုင်ငံရေးအကျဉ်းသား ၁၅ ဦးကို လူသားဒိုင်းအ ဖြစ် ခေါ်ဆောင်လာသည့်အပြင် ရမ်ထလိုကျေးရွာမှ လူနေအိမ် ၁၀လုံးနှင့် တလန်ဇာရ်ကျေးရွာမှ United Pentecostal Church (UPC) ဘုရားကျောင်း အပါ အဝင် လူနေအိမ် ၁၆ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

မေလ ၉ရက်နေ့တွင် ဖလမ်းမြို့မှ ကလေးမြို့သို့ ဆက်လက်ထွက်ခွာသော ယင်းစစ် ကြောင်းအား CNDF မှ မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦး သေဆုံး ခဲ့ကြောင်းဆိုသည်။

ထို့အပြင် မေလ ၇ရက်နှင့် ၈ရက်များတွင် မတူပီမှ မင်းတပ်-ကျောက်ထု မြို့သို့ ထွက်ခွာလာသည့် စစ်ကောင်စီ အင်အား ၃၀၀ ခန့်သည် ယာဉ်အစီး ၇၀ ပါ စစ်ကြောင်းဖြင့် ချီတက်လာ ခြင်းဖြစ်ပြီး မိုင်တိုင် ၁၃ ၊ ၁၇ ၊ ၁၈ အကြားတွင် သုံးကြိမ်တိုင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ဦး ထက်မနည်း သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိကာ စစ်ကား တချို့ကိုဖျက်ဆီးနိုင်ခဲ့ကြောင်း CNF ၏ ထုတ်ပြန်ချက်အရသိရသည်။

မေလ ၃ရက်နေ့ မှ ၆ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော ဟားခါး-ဖလမ်း အကြား ဖြစ်ခဲ့သော တိုက်ပွဲများအတွင်း CNA မှ လေးဦး ၊ CDF – Thantlang လေးဦး စုစုပေါင်း ရှစ် ဦးကျဆုံးခဲ့ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူသွားခဲ့ကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ဖလမ်း မှ ကလေးမြို့သို့ ယာဉ်တန်း တစ်ခုဖြင့် ဆက်လက် ထွက်ခွာနေပြီး မတူပီမှထွက်လာသည့် ယာဉ်တန်းသည်လည်း မင်းတပ် မြို့သို့ ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

#Mizzima

#ချင်းပြည်နယ်

#စစ်ကောင်စီစစ်ကြောင်း

#တိုက်ခိုက်

#၇၀နီးပါးသေဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly