အရပ်သား ၉၀ ကျော်ကို စစ်ကောင်စီနှင့် BGF ပူးပေါင်းစခန်းတွင် ဖမ်းဆီးထား

အရပ်သား ၉၀ ကျော်ကို စစ်ကောင်စီနှင့် BGF ပူးပေါင်းစခန်းတွင် ဖမ်းဆီးထား

မေ ၁၃

ဘီလင်းမြို့နယ် လေးကေကျေးရွာရှိ အာဏာသိမ်းစစ်ကောင်စီနှင့်မဟာမိတ်ဖြစ်သော ကရင်နယ်ခြား စောင့်တပ် BGF ပူးပေါင်းတပ်စခန်းတွင် အသက်မပြည့်သေးသော ကလေးငယ်များအပါအဝင် အရပ်သား ၉၂ ဦးကို ဖမ်းဆီးထားကြောင်း KNU ဗဟိုက မေလ ၁၂ ရက်နေ့ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ဘားအံမြို့နယ်အတွင်းမှ ၇၀ ဦးနှင့် ဘီလင်းမြို့နယ်မှ ၂၂ ဦး စုစုပေါင်း ၉၂ ဦးကို လေးကေရှိ စစ်ကောင်စီနှင့် BGF ပူးပေါင်းစခန်းတွင် ဖမ်းဆီးထားခြင်းဖြစ်ပြီး ယင်းအထဲတွင် ကလေးငယ် လေးဦးပါဝင်ကြောင်း KNU က ဆိုသည်။

“ တင်ဝင်းဦးဆောင်တဲ့ BGF-၁၀၁၄ နဲ့ စစ်ကောင်စီပူးပေါင်းတပ်က လေးကေစခန်းကို စစ်ကူလာရင်း လမ်းတစ်လျှောက် တွေ့သမျှလူတွေကို ပေါ်တာဆွဲတယ်။ ကျောက်ဖျာရွာက အသက်မပြည့်သေးတဲ့ လူငယ် လေးယောက်လည်းပါတယ်၊ အားလုံးပေါင်း (၉၂) ယောက်။ အခုချိန်ထိ ပြန်လွှတ်ပေးတာ မရှိသေး ဘူး။ လေးကေ BGF စခန်းထဲမှာ ဖမ်းထားတယ်” ဟု KNU ဘီးလင်းမြို့နယ် ပြန်ကြားရေးတာဝန်ခံက ပြောထားသည်။

ထိုသို့ ဖမ်းဆီးထားခြင်းသည် တပ်စခန်းလုံခြုံရေးအတွက် အရပ်သားများကိုအာကာအကွယ်ယူပြီး စစ်ရေး အရ အသုံးချနေခြင်းဖြစ်ကြောင်းလည်း ၎င်းကမှတ်ချက်ပြုသည်။

KNU တပ်မဟာ(၁)ထိန်းချုပ်ရာ ဘီလင်းမြို့နယ်ရှိ လေးကေနှင့် ဝင်းတာပန်စခန်းအတွင်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနေဖြင့် သုံးရက်အတွင်း စခန်းမှထွက်ခွာပေးရန် KNDO က ဧပြီလ ၂၀ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်း ယင်းဒေသတွင် စစ်ရေးတင်းမာနေခြင်း ဖြစ်သည်။

မေလ ၁ ရက်နေ့တွင် လေးကေကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ် နှစ်စီးဖြင့် နှစ်ကြိမ် လာရောက် တိုက်ခိုက်ခဲ့ရာ လူနေအိမ် ၁၀ လုံးနှင့် သီလရှင်ကျောင်းတစ်ဆောင် ထိခိုက်ပျက်စီးသွားခဲ့သည်။

ယင်းနောက် မေလ ၈ ရက်နေ့ ညနေပိုင်းတွင် နယ်မြေခံ KNDO ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ-BGF ပူးပေါင်းတပ်တို့အကြား လေးကေကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF လေးဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရကာ KNDO ပူးပေါင်းတပ်ဘက်မှလည်း တစ်ဦးထိခိုက်ဒဏ်ရခဲ့ကြောင်း သိရသည်။

စစ်ရေးတင်းမာပြီး စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် ထိတွေ့တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူ ၁၀,၀၀၀ ကျော် နေအိမ်များကိုစွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရ သည်။

လေးကေစခန်းရှိ စစ်ကောင်စီ နှင့် BGF တပ်ဖွဲ့များသည် လေးကေကျေးရွာအတွင်း လူနေအိမ်များ၊ ဈေးဆိုင်များမှ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို မွှေနှောက်ယူဆောင်မှုများ ရှိနေပြီး မေလ ၁၀ ရက်နေ့ကလည်း ဝင်းတာပန်စခန်းရှိ စစ်ကောင်စီ-BGF တပ်ဖွဲ့များက ဝင်းတာပန်ကျေးရွာ အတွင်းသို့ ဝင်ရောက်ကာ ဆန်အိတ် ၂၀ အိတ်ခန့် ယူဆောင်သွားကြောင်း KNU ဘက်မှ ပြောကြား ထားသည်။

Photo- File

#Mizzima

#ဘီးလင်းမြို့နယ်

#အရပ်သား

#ပေါ်တာဆွဲ

#စစ်ကောင်စီနှင့်BGFတပ်ဖွဲ့များ

#လေးကေကျေးရွာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly