ရေလယ်ကျွန်းဒေသသို့ စစ်ကောင်စီတပ် ထိုးစစ်ဆင်ကာ ကျေးရွာများအားမီးရှို့၊ ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်

ရေလယ်ကျွန်းဒေသသို့ စစ်ကောင်စီတပ် ထိုးစစ်ဆင်ကာ ကျေးရွာများအားမီးရှို့၊ ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်

မေ ၁၁

စစ်ကိုင်းတိုင်း ၊ မြောင်နယ်မှ စစ်ကောင်စီတပ် စစ်ကြောင်းသည် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသသို့ ဝင်ရောက်လာရာ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်နေကြောင်း သိရသည်။ 

မေလ ၇ ရက်တွင် မြောင်နယ် ရွှေလှံရွာသို့ ပျူစောထီးနှင့် စစ်ကောင်စီတပ်သား ဦးရေ ၁၀၀ ဝန်းကျင်ခန့် စတင် ဝင်ရောက်ကာ နေအိမ် သုံးလုံးအား မီးစရှို့ခဲ့ခြင်း ဖြစ်သည်။ 

“ရွှေလှံ မှ မာလကာခြံ၊ မာလကာခြံမှ ဆင်ခြေယာ၊ ဆင်ခြေယာမှ ရွှေလှံ၊ ရွှေလှံ မှ ဇရပ်နီ ဘက်ကို ထွက်သွားတယ်ဗျ။ ဇရပ်နီကနေ မြောင်နယ် ငါးရံအို မင်းလှ ဘက်ကို ဝင်သွားတယ်။ အဲ့နောက် ရေလယ်ကျွန်း ဒေသကို ၉ ရက်နေ့ က မနက်ပိုင်းကနေ စပြီး သာဂေါင်ရွာကို ဝင်တယ်  ။ တစ်အိမ် မီးရှို့တယ်။ နေ့လယ်ပိုင်းမှာ နမော့၊ မီးလောင်ကျွန်းကို ဝင်ပြီးတော့ ညနေပိုင်းမှာတော့ ဖြုံဘူးမှာ ညအိပ်တယ် ၁၀ ရက် နေ့မနက်မှာတော့ ဖြုံဘူးရွာက အိမ်တစ်အိမ်ကို မီးရှို့ ဖျက်ဆီးတယ်ဗျာ။ ပြီးတော့ မိဖုရားရွာကို ဝင်ပြီးတော့ ၂၅ အိမ် ထပ်မီးရှို့တယ်။ အဲ့နောက် မဲကုန်းရွာမှာ ခြောက်အိမ်ခန့် မီးထပ်ရှို့တယ်ဗျ” ဟု သိန်းငှက်ပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ကိုရေခဲကပြောသည်။ 

ထိုသို့ ကျေးရွာများအား ဆက်တိုက်မီးရှို့နေစဥ် မေလ ၁၀ ရက် နေလယ်ပိုင်းတွင် ရေလယ်ကျွန်းဒေသ မဲကုန်းနှင့် ဘိုကုန်းကျေးရွာကြား၌ ၁၅ မိနစ်ခန့်ကြာ  MG-6 ပြောက်ကျားတပ်ဖြင့် တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှအကျအဆုံး ရှိကြောင်း သိရသည်။ 

"MG- 6 ပြောက်ကျားတပ် (မြင်းခြံ) မြင်းခြံခရိုင်အမှတ်(၅)တပ်ရင်းနှင့် ရေလည်ကျွန်း ပြည်သူ့ကာကွယ်ရေး တပ်ပေါင်း တပ်ရင်း တို့ ပူပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦးစနိုက်ပါ ထိမှန်သေဆုံးကြောင်း MG 6 ပြောက်ကျားတပ်က ထုတ်ပြန်ထားသည်။ 
 
ထိုတိုက်ပွဲ ဖြစ်ပြီး နောက် စစ်ကောင်စီတပ်စစ်ကြောင်းသည် ဘိုကုန်းရွာသို့ ဝင်ရောက်ကာနေအိမ်တစ်လုံး မီးရှို့ပြီး ခြောက်မူးကျွန်းရွာသို့ ထပ်မံ ဝင်ရောက်ကာ  ညနေပိုင်းတွင် ဘုန်းတော်ပြည့်ရွာသို့ ဝင်ရောက်ပြီး နေအိမ် ရှစ်လုံးအား မီးရှို့ခဲ့ကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုရေခဲက ပြောသည်။ 

ထိုနေ့ ညနေပိုင်း သုံးနာရီဝန်းကျင် ဘုန်းတော်ပြည့်ရွာမှ မြေတော်စခန်းသို့ထွက်လာကြသော ထို  စစ်ကြောင်းကို ၃ နာရီ ၃၅ မိနစ်အချိန်တွင် သိန်းငှက်ပြောက်ကျားတပ်ဖွဲ့မှ ပဒေသာမိုင်း နှစ်တွဲ ခွဲကာတိုက်ခိုက်လိုက်သည်ဟု ကိုရေခဲက ပြောသည်။ 

ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်ရှိပြီး မည်မျှသေဆုံးသည်ကို အတည်မပြုနိုင်ကြောင်း ၎င်းကဆက်ပြောသည်။ 

စစ်ကြောင်းသည် မေလ ၁၀ ရက်နေ့ ညက မြေတော်ရွာတွင် စခန်းချညအိပ်ကာ ယနေ့ မေလ ၁၁ ရက် မနက်ပိုင်းတွင် ဆည်သည့်မြင်ရွာ၊ ဘီးစပ်ကုန်းရွာများအား ဝင်ရောက်ကာ မီးရှို့ ဖျက်ဆီးနေသည်ဟု ကိုရေခဲက ပြောသည်။ 

ရေလယ်ကျွန်းဒေသသည် မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်း တည်ရှိပြီး ရွာပေါင်း ၄၃ ရွာရှိကာ ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်ဆုံရာ ဒေသတွင် တည်ရှိသည်။
#Mizzima
#ရေလည်ကျွန်း
#ရေစကြိုမြို့နယ်
#ချင်းတွင်းမြစ်
#ဧရာဝတီမြစ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly