မင်းတပ်တွင် ရာသီဥတုဆိုးဝါးနေသော်လည်း တိုက်ပွဲများပြင်းထန်၊ စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံး

မင်းတပ်တွင် ရာသီဥတုဆိုးဝါးနေသော်လည်း တိုက်ပွဲများပြင်းထန်၊ စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံး

မေ ၁၀

စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များသည် မေလ ၉ ရက်နေ့ နံနက် ၁၁နာရီမှ နေ့လယ် ၁နာရီခန့်အထိ အနီးကပ်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့မှ မောင်းပြန်သေနတ်များ RPG များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးကျဆုံးကြောင်း CDF-Mindat က ထုတ်ပြန်သည်။

ချင်းပြည်နယ် မင်းတပ် -မတူပီလမ်းမှ ကျောက်ထုဘက်သို့ ဆင်းလာသည့် စစ်ကောင်စီ ယာဉ်တန်းနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များသည် ရာသီဥတုဆိုးဝါးနေသော်လည်း နေ့စဉ် တိုက်ပွဲများပြင်းထန်လျှက်ရှိသည်။

“ရာသီဥတုက မဆိုးဘူး (မှိုင်းမတိုက်ဘူး) ဆိုရင် ကျွန်တော်တို့ အခုထက်ကို မိုင်းဆွဲတိုက်ခိုက် မှုတွေပိုလုပ်နိုင်ခဲ့မှာ။ အခုတော့ ရာသီဥတုပေါ်မူတည်ပြီး သူတို့ဘက်က သက်သာရာရနေတော့ ကျွန်တော်တို့ဘက်က နစ်နာရတယ်” ဟု CDF – Mindat ပြောရေးဆိုခွင့်ရှိသူ ဟားအွမ် က မဇ္ဈိမ ကိုပြောသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့များသည် တိုက်ပွဲဖြစ်နေသည့်အချိန်နှင့်တစ်ပြိုင်နက် မိုင်းကွင်း ထဲသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား ၂၀ခန့်အား အောင်မြင်စွာ မိုင်း ခွဲနိုင်ခဲ့ပြီး အများအပြား သေဆုံးဒဏ်ရာရရှိနိုင်သည်ဟု CDF – Mindat ကထုတ်ပြန်ထား သည်။

မှိုင်းများတိုက်သဖြင့် (မြူနှင့်တောင်ခိုးများဖုံးလွှမ်းနေသဖြင့်) ရှေ့မြင်ကွင်း သုံးပေခန့်မျှကိုပင် မြင်နိုင်ရန်ခက်ခဲသည့်အတွက် မခွဲရဘဲ ကျန်နေသည့် မိုင်းများစွာရှိသည်ဟု ဟားအွမ် က ဆိုသည်။

ရာသီဥတုကောင်းမွန်ပါက စစ်ကောင်စီတပ်ဖွဲ့များ ယခုထက်ပိုမို အကျအဆုံးများနိုင်ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် အထိအခိုက် အကျအဆုံးမရှိ ဟုသိရသည်။

မိုင်တိုင် ၂၄ တွင်လည်း စစ်ကောင်စီ၏ ရှေ့ပြေးအဖွဲ့မှ အယောက် ၃၀ခန့် သည် မိုင်းကွင်းအတွင်းသို့ ဆိုက်ဆိုက်မြိုက်မြိုက် ဝင်ရောက်လာသဖြင့် မိုင်းခွဲတိုက်ခိုက် ခဲ့ရာ သေဆုံးမှုများစွာရှိနိုင်သည်ဟု CDF – Mindat ကထုတ်ပြန်သည်။

မေလ ၇ရက်နေ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) အရန်တပ်ဖွဲ နှင့် CDF – Mindat တို့၏ ပြောက်ကျားတိုက်ခိုက်မှုကြောင့် မိုင်တိုင် ၃၀ - ၃၁ - ၃၂ အကြားတွင် စစ်ကောင်စီတပ်သား ခုနစ်ဦး ကျဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထို့အတူ မေလ ၈ရက်နေ့က မိုင်တိုင် ၂၇တွင် စစ်ကောင်စီတပ်များ မိုင်းနင်းမိ၍ သေဆုံးမှု များရှိမည်ဟု ခန့်မှန်းကြောင်းနှင့် စစ်ကောင်စီယာဉ်တန်း ကားမိုင်းထိ၍ ယာဉ်အချို့ ပျက်စီးခဲ့ကြောင်းသိရသည်။

ဧပြီလ ၂၇ ရက်နေ့မှစ၍ မတူပီမှ မင်းတပ်-ကျောက်ထုမြို့သို့ထွက်ခွာလာသည့် အင်အား ၃၀၀ ခန့်နှင့် ယာဉ်အစီးရေ ၇၀ ပါ စစ်ကောင်စီယာဉ်တန်းအား မတူပီမြို့နယ်အတွင်း CDF- Matupi မှ အကြိမ်ကြိမ်ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး ယခုမင်းတပ်မြို့နယ်ထဲတွင် CDF-Mindat မှ ကြားဖြတ်တိုက်ခိုက်ခြင်းနှင့် မိုင်းဆွဲတိုက်ခိုက်ခြင်းများကို ပြုလုပ်နေခြင်းဖြစ်သည်။

စစ်ကောင်စီယာဉ်တန်းအား အလွတ်မပေးဘဲ ပြင်းထန်စွာတိုက်ခိုက်နေကြသော ရှေ့တန်းရောက် ရဲဘော်များအတွက် တတ်နိုင်သည့်ဖက်မှ ပါဝင်ကူညီ ၍ ဆုတောင်း ပေးကြပါရန် CDF – Mindat က မေတ္တာရပ်ခံထားသည်။

မဇ္ဈိမက နောက်ဆုံးရရှိထားသည့် သတင်းများအရ စစ်ကောင်စီယာဉ် တန်းသည် ၁၉မိုင်တိုင်သို့ရောက်ရှိနေပြီး လက်နက်ကြီးများဖြင့်ပစ်ခတ် နေကြောင်း သိရှိရသည်။

#Mizzima

#ချင်းပြည်နယ်

#မင်းတပ်

#ရာသီဥတုဆိုးဝါး

#စစ်ကောင်စီတပ်သား

#၁၀ဦးသေဆုံး

#CDF- Mindat

#ထုတ်ပြန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly