လှည်းကူး၌ မိုင်တဲတာဝါတိုင် မီးရှို့ခံရမှုနှင့် ဆက်စပ်စွပ်စွဲ ဖမ်းခံထားသည့် လူငယ် ၂ ဦးကို စစ်ကောင်စီက ထောင် ၅ နှစ်ချ

လှည်းကူး၌ မိုင်တဲတာဝါတိုင် မီးရှို့ခံရမှုနှင့် ဆက်စပ်စွပ်စွဲ ဖမ်းခံထားသည့် လူငယ် ၂ ဦးကို စစ်ကောင်စီက ထောင် ၅ နှစ်ချ

မေ ၁၀

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ မိုင်တဲတာဝါတိုင် မီးရှို့ ခံရမှုနှင့် ပတ်သက်ပြီး ဖမ်းဆီး ခံထားရသော လှည်းကူးမြို့ခံ လူငယ်နှစ်ဦးကို ဧပြီလ ၂၉ ရက်နေ့တွင် အင်းစိန်ထောင်တွင်း စစ်ခုံရုံးက ပုဒ်မ ၄၃၆ (မီးရှို့မှု) ဖြင့် အလုပ်နှင့် ထောင်ဒဏ် ငါးနှစ်စီ ချမှတ်သည်။

"သူတို့ နှစ်ယောက်လုံးက အမှုတစ်တွဲတည်း။ အလုပ်နဲ့ ထောင် ငါးနှစ်စီ ချလိုက်တယ်။ တရားရုံး ရှေ့နေတွေဆီကပဲ တစ်ဆင့်သိရတာ။ တရားခွင်ကိုလည်း ဝင်ခွင့်မရှိဘူး။ လူချင်းလည်း မတွေ့ရဘူး။ ကျန်းမာရေး ကောင်းတယ်လို့တော့ ပြောတယ်" ဟု ၎င်းတို့ မိသားစုနှင့် နီးစပ်သူက ပြောသည်။

၎င်းတို့ နှစ်ဦးသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၂ ရက် နံနက် ၃ နာရီခန့်တွင် လှည်းကူးမြို့ အောင်မင်္ဂလာ ရပ်ကွက် သီတာအေး တိုးချဲ့ - ၂ လမ်းရှိ မိုင်တဲတာဝါတိုင် မီးရှို့ခံရမှုနှင့် ပတ်သက်၍ ဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ဆက်စပ်၍ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၄ ရက် ညတွင် မြို့အုပ်စု ရိပ်သာရပ်ကွက် ခိုင်ရွှေဝါလမ်းနေ ကိုကိုချစ် (ခ) ဝေဖြိုးနှင့် ပြည်တော်သာရပ်ကွက် ပြည်တော်သာ (၄)လမ်းနေ မသဲအိဖြူတို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

"အခုလို မတရားသဖြင့် ပြစ်မူ မကျူးလွန်ဘဲ ခံရတာ။ အခုလို အာဏာလု စစ်တပ်ရဲ့ လုပ်ရပ်က တိုင်းပြည်ရဲ့ အနာဂတ်ကို ပျက်စီးစေတယ်။ ငါးနှစ် မတရား ချုပ်နှောင်ခံတာ ဆိုတော့ လူငယ် တစ်ယောက်ရဲ့ အနာဂတ်တွေလည်း ပျောက်ဆုံးခဲ့ရပြီ။ အခုလို လူငယ်တွေ နိုင်ငံမှာ ဒုနဲ့ဒေး မတရား ခံနေရတဲ့ သူငယ်ချင်းအတွက် တကယ် စိတ်မကောင်း ဖြစ်ရတယ်" ဟု ကိုဝေဖြိုး၏ သူငယ်ချင်းက ပြောသည်။

မိုင်တဲ တာဝါတိုင် မီးရှို့ခံရမှုကို လှည်းကူး PDF က ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း စက်တင်ဘာ ၁၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ယခု ဖြစ်စဉ်တွင် စစ်ကောင်စီ စွပ်စွဲ ခံရသူများသည် လှည်းကူး PDF နှင့် မပတ်သက်ကြောင်းလည်း လှည်းကူး PDF က ထပ်မံ ထုတ်ပြန် ထား‌သည်။

#Mizzima

#လှည်းကူးPDF

#မိုင်တဲတာဝါတိုင်

#ကိုကိုချစ်(ခ)ဝေဖြိုး

#မသဲအိဖြူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required