ခင်ဦးမြို့နယ် အင်းပတ်ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့မှု အိမ်ခြေ ၃၀၀ ကျော်ဆုံးရှုံး

ခင်ဦးမြို့နယ် အင်းပတ်ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့မှု အိမ်ခြေ ၃၀၀ ကျော်ဆုံးရှုံး

မေ ၇

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်းပတ်ကျေးရွာအား စစ်ကောင်စီတပ်မှ မေလ ၂ ရက်နေ့တွင် အင်အား အလုံးအရင်းဖြင့် ဝင်ရောက် မီးရှို့ခဲ့ရာ အိမ်ခြေ ၃၀၀ ခန့် မီးလောင် ဆုံးရှုံးခဲ့သည့် အပြင် ပြည်သူ တစ်ဦးအား ပစ်သတ်ခဲ့ကြောင်း ခင်ဦး သတင်းမှန် ပြန်ကြားရေးမှ သိရသည်။

မေလ ၁ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ရေဦးမြို့မှ စစ်ကား သုံးစီးဖြင့် အင်းပတ်ရွာ အတွင်းသို့ ဝင်ရောက်လာပြီး အမျိုးသား သုံးဦးအား ဖမ်းဆီးကာ ရေဦးမြို့သို့ ပြန်ထွက်သွားကြောင်း မေလ ၂ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် အဆိုပါ ဒေသခံ သုံးဦးအား ပြန်လည် ခေါ်ဆောင်လာကာ လွှတ်ပေးခဲ့ကြောင်း ဆိုသည်။

ယင်းနေ့တွင် အင်းပတ်ကျေးရွာ အနီး စစ်ကောင်စီတပ် အင်အား ၆၀ ခန့်နှင့် ပျူစောထီး အင်အား ၄၀ ခန့်မှာ ကာကွယ်ရေးတပ်ဖွဲ့များ၏ မိုင်းဆွဲ တိုက်ခိုက်မှု ခံခဲ့ရပြီးနောက် ကျေးရွာ အတွင်းသို့ ဝင်ရောက် မီးရှို့ ဖျက်ဆီးခဲ့ပြီး အသက် ၄၇ နှစ်အရွယ် ကိုနိုင်ဦး ဆိုသူအား ပစ်သတ်ခဲ့ကြောင်း သိရသည်။

"အရင် အခါတွေ သူတို့ရွာထဲ လာတုန်းကတော့ ဘာမှ ကြီးကြီးမားမား သိပ်မလုပ်သွားဘူး၊ ငါးကြိမ်မြောက်မှာ တုန်းကတော့ တော်တော် ဖျက်ဆီးသွားတယ်" ဟု ခင်ဦး သတင်းမှန် ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တပ်စွဲထားသောကြောင့် ရွာသစ်ကုန်းကျေးရွာနေ ပြည်သူများ အင်းပတ်ကျေးရွာသို့ ပြောင်းရွှေ့ နေထိုင်လျက်ရှိရာ နှစ်ရွာပေါင်းလူဦးရေ ၃၀၀၀ ခန့်သည်  ယခု နီးစပ်ရာ ကျေးရွာများသို့ တိမ်းရှောင် နေရကြောင်း သိရသည်။

အိမ်ခြေ ၅၇၅ အိမ်ခန့်ရှိသည့် အင်းပတ်ရွာ သည် ခင်ဦးမြို့ အနောက်ဘက် ၁၃ မိုင်ခန့်ဝေးကာ ရေဦးမြို့နှင့် သုံး မိုင်ခန့် ကွာဝေးကြောင်း ဒေသခံ အများစု တောင်ယာ လုပ်ကိုင်ကြောင်း သိရသည်။

#Mizzima
#ခင်ဦးမြို့နယ်
#ရေဦးမြို့နယ်
#အင်းပတ်ရွာ
#ရွာသစ်ကုန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly