ထားဝယ်နှင့် လောင်းလုံးမြို့နယ်၌ ၁ လအတွင်း စစ်ကောင်စီ ဖမ်းခံရသူ ၂၅ ဦးထိရှိ

ထားဝယ်နှင့် လောင်းလုံးမြို့နယ်၌ ၁ လအတွင်း စစ်ကောင်စီ ဖမ်းခံရသူ ၂၅ ဦးထိရှိ

မေ ၇

ထားဝယ်နှင့် လောင်းလုံးမြို့နယ်တို့၌ ယခု ၂၀၂၂ ခုနှစ် ဧပြီလအတွင်း CDM ရဲဝန်ထမ်း တစ်ဦး အပါပဝင် အရပ်သား ၂၅ ဦး ထက် မနည်း စစ်ကောင်စီ ဖမ်းဆီးခြင်း ခံရကြောင်း မြို့ခံများထံက သိရသည်။

စစ်ဘေးရှောင်များ၊ PDF နှင့် NUG အစိုးရတို့ကို ငွေကြေး လှူဒါန်းမှုတွင် ဆက်နွှယ်မှု ရှိသည်ဟု ဆိုကာ အကြောင်းပြချက် အမျိုးမျိုးဖြင့် ဖမ်းဆီးသည်ဟု ဖမ်းဆီးခံ မိသားစုဝင်များထံက သိရသည်။

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်ထားသူ ရဲဝန်ထမ်း ကိုသက်ပိုင်စိုးသည် ဧပြီလ ၄ ရက်နေ့တွင် ထားဝယ်မြို့နယ်ခွဲ မေတ္တာမြို့ ကျောက်မဲတောင်ရွာရှိ ဓါတ်ဆီဆိုင် တစ်ဆိုင်၌ ရောက်ရှိနေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ကိုသက်ပိုင်စိုး၏ ဦးလေး တော်စပ်သူ ဓါတ်ဆီဆိုင် ပိုင်ရှင် လင်မယား နှစ်ဦးကိုပါ ဖမ်းဆီးခဲ့ကြောင်း ထားဝယ်မြို့ သတင်းရင်းမြစ်များထံက သိရသည်။

ထို့အပြင် ထားဝယ်မြို့ အတွင်း ဧည့်စာရင်း စစ်ရန် အကြောင်းပြကာ အရပ်သား နေအိမ်များကို စစ်ကောင်စီ တပ်က အကြောင်းမဲ့ ဝင်ရောက် ရှာဖွေ ဖမ်းဆီးခဲ့မှုများလည်း ရှိကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် မောင်းမကန် ကျေးရွာရှိ အသက် မပြည့်သေးသည့် ဆယ်တန်းကျောင်းသူ တစ်ဦးကို ဧပြီလ ၂၈ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ ထို့အတူ ဧပြီလ ၂၉ ရက်နေ့ကလည်း ပုံကျွန်းရပ် ရေးလမ်းမထက် ဆိုင်ကယ် စီးလာသည့် လူနှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်နှင့် ပစ်ဖမ်းခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။

လက်ရှိ ဖမ်းဆီးခံရသူ ၂၅ ဦးထဲတွင် အကြမ်းဖက် စစ်ကောင်စီ၏ စစ်ကြောရေး စခန်း၌ မတရား ရိုက်နှက် စစ်ဆေးခံရမှုကြောင့် သေဆုံးသည်ဟု ယူဆရသူ တစ်ဦး ရှိကြောင်းလည်း ဒေသခံ သတင်း ရင်းမြစ်ထံက သိရသည်။ လက်ရှိအချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ် မရသေးသည် အတွက် ၎င်း သေဆုံးမှု ရှိ၊မရှိကို မိသားစုဝင်များက ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

ဓာတ်ပုံ - စစ်ကောင်စီ ဖမ်းဆီးခြင်း ခံရသူအချို့

#Mizzima

#ထားဝယ်

#လောင်းလုံး

#ဖမ်းဆီး

#CDMရဲဝန်ထမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly