ဘားအံမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းကို စစ်ကောင်စီတပ် ပစ်သတ် 

ဘားအံမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းကို စစ်ကောင်စီတပ် ပစ်သတ် 

မဇ္ဈိမ 
ကရင်ပြည်နယ်၊ KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ၊ ဘားအံမြို့နယ်၊ ထီးကျော်ခီးကျေးရွာ အုပ်ချုပ်ရေးမှူး ဟောင်း စောဖားတရုတ်ကို စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ BGF ပူးပေါင်းတပ်က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ 

ဘားအံမြို့နယ်၊ ကျေဖာလဲကျေးရွာမှ နွားစာယူရန် ဆိုင်ကယ်ဖြင့် သွားစဉ် မဲသနကျေးရွာ အကြား မေလ ၅ ရက်နေ့က စစ်ကောင်စီတပ်နှင့် BGF- (၁၀၁၄) ပူးပေါင်းတပ်ဖွဲ့များ၏ ပစ်သတ်မှုကို ခံလိုက်ရခြင်း ဖြစ်ကြောင်း KNU က ဆိုသည်။ အဆိုပါ ပစ်ခတ်မှုကြောင့် တင်ပါးမှ အရှေ့ဘက် ဆီးအိမ်ကို ကျည်ပေါက်ထွက် ဒဏ်ရာဖြင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

 KUN တပ်မဟာ (၁) နယ်မြေ၊ ဘီလင်းမြို့နယ် အတွင်းရှိ လေးကေနှင့် ဝင်းတာပန် စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်း တပ်စခန်း နှစ်ခုကို ဧပြီလ ၂၃ ရက်နေ့ နောက်ဆုံးထား ထွက်ခွာပေးရန် ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO) က ထုတ်ပြန် ပြီးနောက် စစ်ရေးတင်းမာ မှုများ ရှိနေကြောင်း ကရင် သတင်းရင်းမြစ်များက ပြောသည်။ 

လက်ရှိ ယင်စခန်း နှစ်ခုကို စစ်ကောင်စီဘက်က အင်အား ဖြည့်တင်းမှုများ ပြုလုပ်နေကြောင်း KNU ဘက်က ပြောဆိုထားသည်။ ထို့ပြင် လေးကေကျေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် မေလ ၁ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့သည့် အပြင် ကိုးနဝင်း ဘုန်းကြီးကျောင်းဘေးတွင် တပ်စွဲ ထားသော စစ်ကောင်စီတပ်က ၁၂၀ မမ များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အတွက် လေးကေကျေးရွာရှိ လူနေအိမ် ၁၀ လုံး၊ သီလရှင်ကျောင်း တစ်ဆောင် ပျက်စီးခဲ့ကြောင်း သိရသည်။
 
ကရင်ပြည်နယ်၊ KNU ထိန်းချုပ် နယ်မြေများတွင် နယ်မြေခံ KNLA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်နှင့် မဟာမိတ် BGF တို့အကြား နေ့စဉ် တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်သည်။ 
 #Mizzima
 #ဘားအံမြို့နယ်
 #ထီးကျော်ခီးကျေးရွာ 
#KNU #BGF 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly