မတူပီမြို့နယ်တွင် ဘဏ်အစောင့် စစ်ကောင်စီတပ်သား ၂ဦး CDM ဝင်သွားပြီးနောက် ပြည်သူ ၇ဦးဖမ်းဆီးခံရ

မတူပီမြို့နယ်တွင် ဘဏ်အစောင့် စစ်ကောင်စီတပ်သား ၂ဦး CDM ဝင်သွားပြီးနောက် ပြည်သူ ၇ဦးဖမ်းဆီးခံရ

မေ ၅

ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လုံခြုံရေးတာဝန်ယူနေသည့် စစ်ကောင်စီတပ်သား နှစ်ဦး သေနတ်သုံးလက်ဖြင့်ထွက်ပြေးပြီးCDM ဝင်ရောက်သွားပြီးနောက် မတူပီမြို့ပေါ်တွင် အမျိုးသမီး ၆ဦးနှင့် အမျိုးသားတစ်ဦးကို စစ်ဗျူဟာတပ်သို့ ခေါ်ဆောင်သွားပြီး စစ်ဆေးနေကြောင်း ဒေသခံထံမှ သိရသည်။

ဧပြီလ ၂၁ရက်နေ့ ညတွင် စစ်ကောင်စီတပ်သားနှစ်ဦး ထွက်ပြေးသွားကြပြီးနောက် ဧပြီလ ၂၂ရက် တွင် မတူပီမြို့နယ်က ပထမဆုံး CDMဝင်ထားသည့် ပညာရေးဝန်ထမ်း ဇနီးမောင်နှံ နှစ်ဦးနှင့် ပြည်သူနှစ်ဦးကို စတင်ဖမ်းဆီးခံရပြီး ထပ်မံဖမ်းဆီးမှုများကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“အဖမ်းဆီးခံရတဲ့ အမျိုးသမီးတစ်ဦးက နှိပ်စက်ခံရပြီး ဆေးရုံတင်လိုက်ရတယ်၊ ဒါပေမယ့် ဘယ်သူမှတော့ မပြောကြဘူး ကားနဲ့ဆေးရုံထဲခေါ်သွားတာမြင်တဲ့ သူတွေကပြောပြတာပါ၊ ဖမ်းခံရတဲ့ သူတွေက အခုဆို နှစ်ပတ်ကျော်ပြီ”ဟု ဒေသခံကပြောသည်။

ပြီးခဲ့သည့် ဧပြီလ၂၁ရက်နေ့တွင် မတူပီအခြေစိုက်စစ်ဗျုဟာမှတပ်သားချစ်ကိုကို (တ/၃၈၇၆၈)နှင့်မုံရွာအခြေစိုက်ထပရ ၉၂၉ မှတပ်သားဖြိုးမင်း ( တ/၅၂၅၇၃၇) တို့သည်၎င်းတို့နှင့်အတူသေနတ်အမျိုးအစားBA-72, MA- 2, MA-1 စုစုပေါင်းသေနတ် သုံးလက်နှင့်အတူCDF-မတူပီထံတွင်လာရောက် အလင်းဝင်ခဲ့ကြောင်းCDF-မတူပီမှ သတင်းထုတ်ပြန်ထား သည်။

အဆိုပါထုတ်ပြန်ချက်ထဲတွင်လည်း ''အကြမ်းဖက်စစ်ကောင်စီတပ်မှ ၎င်းတို့လက်နက် သုံးလက်ပြန်လည်ရရှိရေးအတွက် ပြည်သူများကိုတန်ဆာခံအဖြစ် အသုံးချဖမ်းဆီးခြင်း၊နှိပ်စက်ခြင်းနှင့်အသက်အန္တာရယ်ခြိမ်းခြောက်သည့်ကိစ္စများကိုမိမိတို့ CDF-မတူပီအနေနှင့်ကန့်ကွက်ရှုတ်ချပါကြောင်းနှင့်CDF-မတူပီအနေဖြင့် စကစ(စစ်ကောင်စီ) အပါအဝင် မည်သည့် အကြမ်းဖက် အဖွဲ့အစည်းနှင့်မဆို အပေးယူကိစ္စလုံးဝ(လုံးဝ)မပြုလုပ်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည် ''ဟုပါရှိသည်။

မတူပီမြို့ပေါ်ဒေသခံတစ်ဉီး၏အဆိုရ စစ်ကောင်စီတပ်များမှလည်းကောင်းတို့၏စစ်သားများပြန်လည်ရရှိရေးထက် အတူပါရှိသွားသည့် လက်နက်များကိုသာပြန်လည်ရယူလိုချင်နေသည်ဟုသိရှိရပြီးမြို့ပေါ်ရှိ အဖွဲ့အစည်းအချို့နှင့်ဆွေးနွေးနေကြောင်းလည်းသိရသည်။

#Mizzima

#ချင်းပြည်နယ်

#မတူပီမြို့နယ်

#မြန်မာ့စီးပွားရေးဘဏ်

#CDM

#ဖမ်းဆီးခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly