ပုသိမ်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ရိုက်နှက်ခံရ၍ ဆူပူမှုဖြစ်ပွား

ပုသိမ်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ရိုက်နှက်ခံရ၍ ဆူပူမှုဖြစ်ပွား

ဧပြီ ၂၄

ဧရာဝတီတိုင်း၊ပုသိမ်အကျဉ်းထောင်တွင် ဧပြီလ၂၃ ရက်နေ့ မနက်ပိုင်းက နိုင်ငံရေး အကျဉ်းသားတစ်ဦးကို ဆေးမှုနှင့်ထောင်ကျနေသူတစ်ဦးက ရိုက်နှက်ခဲ့ခြင်းကြောင့် ထောင်တွင်းဆူပူမှုဖြစ်ပွားခဲ့ကြောင်း အကျဉ်းထောင်ဝန်ထမ်းတစ်ဦးထံက သိရသည်။

ပုသိမ်ထောင်သို့ အသစ်ရောက်ရှိလာသည့် နိုင်ငံရေးအကျဉ်းသားများကို ဆေးမှုနှင့်ထောင်ကျနေသူတစ်ဦးက ပုံစံထိုင်ခိုင်းရာတွင် ပုံစံထိုင်ခိုင်းသူက နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့သည့်အတွက် ဆူပူမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အကျဉ်းထောင်ဝန်ထမ်းကဆိုသည်။

"အသစ်ဝင်လာတဲ့ နိုင်ကျဉ်းတွေကို ထောင်မှူးလာရင် ဆောင့်ကြောင့်ထိုင်ရမယ့် ပုံစံတွေ ၊ နောက် ထောင်ဝန်ထမ်းတွေလာရင် ခါးကိုဆန့်ပြီး လက်နောက်ပစ်၊ ဒါမှမဟုတ် လက်ပိုက်နေရမယ်ပေါ့။ အဲ့လိုထောင်ထဲကစည်းကမ်းတွေကို ထောင်ထဲမှာ အနေကြာတဲ့ နှစ်ကြီးသမားတစ်ယောက်က သင်ပေးနေတဲ့အချိန်မှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက်က သိပ်မလုပ်တတ်လို့ သူ့ကိုသင်ပေးနေတဲ့ ဆေးမှုနဲ့ကျတဲ့ ထောင်သားက ရိုက်တာပါ။ အဲ့တာကို ထောင်မှာရှိနေတဲ့ နိုင်ငံ ရေးအကျဉ်းသားတွေကမကျေနပ်လို့ ဝိုင်းလာတာကနေ ထောင်ဆူသွားတာပါ"ဟု၎င်းကဆိုသည်။

ထိုသို့ ဆူပူမှုဖြစ်ပွားနေစဉ် ပုသိမ်အကျဉ်းထောင်ဝန်ထမ်းများရောက်ရှိလာသည့်အတွက် ဆူပူမှုအခြေအနေ ရပ်တန့်သွားသည်ဟု ထောင်ဝန်ထမ်းကပြောသည်။

လက်ရှိတွင် နိုင်ငံရေးအကျဉ်းသားကိုရိုက်နှက်ခဲ့သည့် ဆေးမှုနှင့်ထောင်ကျနေသည့် ထောင်သားအား ခြေချင်းခတ်ကာ အခန်းပြောင်းထားပြီး မည်သို့ ဆက်လက်အရေးယူမည်ကို မသိရှိရသေးကြောင်း ထောင်ဝန်ထမ်းထံက သိရသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပုသိမ်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသား ဦးရေ ၃၀၀ ကျော်ခန့်ရှိနေသည်ဟုသိရပြီး ထောင်တွင်း တရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့သူ ဦးရေ ၁၀၀ ဝန်းကျင်ရှိကြောင်း ပုသိမ်အကျဉ်းထောင် ဝန်ထမ်း၏ အဆိုအရသိရသည်။

#Mizzima

#ပုသိမ်ထောင်

#နိုင်ငံရေးအကျဉ်းသား

#ရိုက်နှက်ခံရ

#ထောင်ဆူပူမှုဖြစ်ပွား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required