ဧပြီ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ကျေးကုန်းကျောက်တန်းရွာရှိ ပွဲရုံတစ်ခုမှ လူငယ် နှစ်ဦးကို ယမန်နေ့ ဧပြီလ ၂၃ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံထံက သိရသည်။
စစ်ကောင်စီတပ်ဖွဲ့က လူငါးဦးအား အင်အား ၃၀ခန့်ဖြင့် လာရောက်ရှာဖွေခဲ့ခြင်းဖြစ်ပြီး လူငယ်အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။
"နာမည်စာရင်းနဲ့ လာရှာတယ်လို့ကြားတယ်။ ညနေကတော့ လူငယ် နှစ်ဦးကိုဖမ်းသွားတယ်။ သူတို့ အဓိကဖမ်းချင်တာက တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်နေတဲ့ သူတွေကို ဖမ်းချင်တာ။ Ride Behind Kalaw (RBK) တွေကိုမရလို့ ရှိတဲ့သူတွေကိုမဲနေတာ" ဟု ရှမ်းတောင်တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
ကျန် သုံးဦးကို ထပ်မံရှာဖွေရန် ရှိနေနိုင်သေးသည်ဟုလည်း ၎င်းကမှတ်ချက်ပြုသည်။
ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့ လာရောက်ရှာဖွေဖမ်းဆီးသွားရာတွင် အနီးအနားရှိ လူများထံမှ လက်ကိုင်ဖုန်းများကိုလည်း သိမ်းဆည်းသွားခဲ့ပြီး၊ ရှာဖွေမှုပြုလုပ်သွားသည့် ပွဲရုံရှိ ငွေကျပ် ၄၅၀,၀၀၀ ခန့်ကို ယူဆောင်သွားကာ ပွဲရုံပိုင်ရှင်ကိုလည်းရိုက်နှက်သွားသည်ဟု သိရသည်။
"ရွာငံမှာလည်း ဖမ်းခဲ့ပြီးပြီ။ ဒီမှာလည်း ရှိတဲ့စာရင်းအတိုင်း ဖမ်းကြရမယ်ပေါ့ အဲလိုပြောနေသံကို ကြားခဲ့ရတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။
အဆိုပါဖမ်းဆီးသွားသူ နှစ်ဦးအား ကလောမြို့ ခလရ(၇)တပ်ထဲတွင် ချုပ်နှောင်ထားကြောင်းလည်း ဒေသခံ၏ အပြောအရ သိရသည်။
စစ်ကောင်စီတပ်များသည် ကလောမြို့နယ်နှင့် အောင်ပန်းမြို့နယ်အတွင်း တော်လှန်ရေးနှင့်ပတ်သက်သူများအား ၎င်းတို့ရရှိထားသည့် စာရင်းအရ ဖမ်းဆီးရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။
အဆိုပါအခြေအနေများကြောင့် NLDပါတီနှင့် ဆက်စပ်သူများ၊ တော်လှန်ရေးတွင်ပါဝင်နေသူများ အနေဖြင့် ဘေးလွတ်ရာ ရှောင်ရှားနေထိုင်ကြရန် ရှမ်းတောင်တော်လှန်ရေးအင်အားစုက သတိပေးတိုက်တွန်းထားသည်။