မုံရွာ-ချောင်းဦး-မြင်မူလမ်း အပါဝင် လမ်းပိုင်း ၄ ခုကို ယာယီပိတ်ထားဟု ချောင်းဦး PDF ထုတ်ပြန်

မုံရွာ-ချောင်းဦး-မြင်မူလမ်း အပါဝင် လမ်းပိုင်း ၄ ခုကို ယာယီပိတ်ထားဟု ချောင်းဦး PDF ထုတ်ပြန်

ဧပြီ ၂၃

စစ်ကိုင်းတိုင်း အတွင်းရှိ မုံရွာ - ချောင်းဦး - မြင်းမူ လမ်း အပါဝင် လမ်းပိုင်း လေးခုကို ယာယီ ပိတ်ထားကြောင်းနှင့် လုံခြုံရေးအရ ပြည်သူများ အသုံးမပြုကြရန် ချောင်းဦး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ CHU- PDF က ယနေ့ ဧပြီ ၂၃ ရက်စွဲဖြင့် သတိပေး ထုတ်ပြန်သည်။

ယနေ့ ဧပြီ ၂၃ ရက်မှ စ၍ မုံရွာ - ချောင်းဦး - မြင်းမူ လမ်း ၊ မုံရွာ - အမြင့်လမ်း၊ ချောင်းဦး - အမြင့်လမ်း နှင့် ချောင်းဦး - ပခုက္ကူလမ်းပိုင်းများကို နောက်ထပ် ကြေညာချက် တစ်စုံတစ်ရာ မထုတ်ပြန်မီ အထိ အရေးပေါ် လိုအပ်ချက်အရ ယာယီပိတ်သည်ဟု ဆိုထားသည်။

ယာယီပိတ်ထားချိန် အတွင်း ကြေညာချက်ပါ လမ်းပိုင်းများကို ပြည်သူတို့၏ လုံခြုံရေးအတွက် လုံးဝ အသုံးမပြုကြရန်နှင့် လိုက်နာခြင်း မရှိသူတို့၏ လုံခြုံရေးအတွက် အာမ မခံပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုလက်ရှိ အဆိုပါလမ်းပိုင်းတွင် သွားလာနေကြသည့် မော်တော်ယာဉ်များ အနေဖြင့် ရောက်ရာ အရပ်တွင် ခေတ္တ ရပ်နားထားကြရန်နှင့် မိမိ၏ ဆွေမျိုး မိတ်ဆွေများ ကိုလည်း ထပ်ဆင့် အကြောင်းကြား ပေးကြပါရန် ချောင်းဦး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာ ရပ်ခံထားသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့ကလည်း မုံရွာ- ချောင်းဦးလမ်း အတိုင်း ခြေလျင် လျှောက်လာသည့် စစ်ကောင်စီတပ်ကို ချောင်းဦး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ဘက်က လေးဦး သေဆုံးခဲ့သည်။

#Mizzima

#မုံရွာ-ချောင်းဦး-မြင်မူလမ်း

#ချောင်းဦးPDF

#ယာယီပိတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required