ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ဒုဝန်ကြီး ဦးကျော်လင်းတို့ကို စစ်ကောင်စီက နှစ်ရှည် ထောင်ဒဏ်ချ

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ဒုဝန်ကြီး ဦးကျော်လင်းတို့ကို စစ်ကောင်စီက နှစ်ရှည် ထောင်ဒဏ်ချ

ဧပြီ ၂၃

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကို အလုပ်နှင့် ထောင်ဒဏ် ကိုးနှစ် ကျခံစေရန် စစ်ကောင်စီ လက်အောက်ခံ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်က ယနေ့ ဧပြီ ၂၂ ရက်နေ့တွင် အမိန့် ချမှတ်သည်။

ဝန်ကြီးကို ယခင်နှစ် ဒီဇင်ဘာ ၂၀ ရက်နေ့တွင် တရားစွဲဆို ခဲ့ခြင်း ဖြစ်ပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ (၅၅) အရ အမှု သုံးမှုအတွက် စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် ကိုးနှစ် ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း စစ်ကောင်စီ၏ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်သည်။

ဦးသောင်းထွန်းသည် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာနပိုင် မင်္ဂလာ တောင်ညွန့်မြို့နယ်၊ အထက်ပုဇွန်တောင် လမ်းပေါ်ရှိ မြေဧက ၉ ဒသမ ၂၂၀ ကို ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုသို့ တင်ဒါခေါ်ယူမှု မရှိဘဲ နှစ် ၃၀ ငှားရမ်းပေးရာတွင် တစ်နှစ် အတွက် မြေငှားရမ်းခ အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ သိန်းကျော်နှင့် မြေ အသုံးချမှု ပရီမီယံကြေး အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ သန်းကျော် နစ်နာ ဆုံးရှုံးခဲ့သည်ဟု ဆိုကာ စစ်ကောင်စီက အဂတိမှုဖြင့် စွပ်စွဲ တရားစွဲခဲ့ခြင်း ဖြစ်သည်။

အသက် ၇၀ ကျော် အရွယ် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် အငြိမ်းစား သံအမတ်ကြီး တစ်ဦး ဖြစ်ပြီး NLD အစိုးရ လက်ထက်တွင် ပြည်ထောင်စု အစိုးရ အဖွဲ့၏ အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ဥက္ကဋ္ဌ တာဝန်များ ပူးတွဲ ထမ်းဆောင်ခဲ့သည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းကိုလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၅) အရ အလုပ်နှင့် ထောင်ဒဏ် ၂၀ နှစ် ကျခံစေရန် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်က ယနေ့ အမိန့် ချမှတ်လိုက်သည်။

ဝန်ကြီး ဦးကျော်လင်းနှင့်အတူ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦးအား အလုပ်နှင့် ထောင်ဒဏ် လေးနှစ်၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းဇော် နှင့် ဦးနေအောင်ရဲမြင့် တို့အား အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်စီ ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် NLD အစိုးရ လက်ထက် ပြည်ထောင်စု အဆင့် ဝန်ကြီးများကို ပုဒ်မ အသီးသီး တပ်ကာ တရားစွဲ ထောင်ချလျက် ရှိသည်။

#Mizzima

#ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်း

#ဒုဝန်ကြီးဦးကျော်လင်း

#နှစ်ရှည်ထောင်ဒဏ်

#မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required