မြောင်တော်လှန်ရေးနယ်မြေတွင် စာသင်ကျောင်း ၂၂ ကျောင်း ဖွင့်လှစ်ထားပြီး ကျောင်းသား ၃၅၀၀ ကျော်တက်ရောက်နေ

မြောင်တော်လှန်ရေးနယ်မြေတွင် စာသင်ကျောင်း ၂၂ ကျောင်း ဖွင့်လှစ်ထားပြီး ကျောင်းသား ၃၅၀၀ ကျော်တက်ရောက်နေ

ဧပြီ ၂၂

အာဏာသိမ်းစစ်ကောင်စီကို အပြင်းအထန်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် စစ်ကိုင်းတိုင်း မြောင်မြို့နယ် အတွင်း၌ စာသင်ကျောင်းပေါင်း ၂၂ ကျောင်း ဖွင့်လှစ်ထားပြီး ကျောင်းသား ၃၅၀၀ ကျော် တက်ရောက် နေသည်။

မြောင်ဒေသတွင် ပညာရေးကွန်ရက်ဖွဲ့စည်းပြီး ကျောင်းသားကျောင်းသူများ၏ နှစ် နှစ်ကျော်ကင်းကွာနေ သောပညာရေးကို ပြန်လည်တည်ဆောက်ရန်အတွက် ယခုကဲ့သို့ ကျောင်းများဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မြောင်ပညာရေးကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ပြောသည်။

“ကြားကာလပညာရေးနဲ့ကင်းကွာနေတာကို ပြန်တည်ဆောက်ဖို့နဲ့ တော်လှန်ကာကွယ်ရေးအဖွဲ့မှာပါဝင် တဲ့ ရဲဘော်တွေရဲ့ သားသမီးတွေ ပညာရေးကို တထောင့်တစ်နေရာကနေ ဖြည့်ဆည်းတဲ့အနေနဲ့ ဖွင့်ခဲ့တာ ပါ” ဟုဆိုသည်။

မြောင်ပညာရေးကွန်ရက်တွင် ပညာကဏ္ဍတာဝန်ခံများ၊ စီမံခန့်ခွဲမှုဆိုင်ရာတာဝန်ခံများ၊ ဘဏ္ဍာငွေ ရှာဖွေ ရေးအဖွဲ့ဝင်များ၊ ရပ်ရွာဒေသခံများနှင့် မြောင်ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များ ပါဝင်သည်။

လက်ရှိအချိန်တွင် မြောင်ဒေသ၌ ကျေးရွာပေါင်း ၈၀ ကျော်ရှိသည့်အနက် ၂၂ ရွာတွင် ကျောင်းပေါင်း ၂၂ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း မြောင်ပညာရေးကွန်ရက်က ဧပြီလ ၂၁ ရက်နေ့တွင် တရားဝင် ကြေညာခဲ့သည်။

ဖွင့်လှစ်ခဲ့သည့် ကျောင်း ၂၂ ကျောင်းတွင် မူလတန်းကျောင်း လေးကျောင်း၊ အလယ်တန်းကျောင်း ခြောက် ကျောင်းနှင့် အထက်တန်းကျောင်း ၁၂ ကျောင်းတို့ပါဝင်သည်။ ကျောင်း ၂၂ ကျောင်းမှ ကျောင်းသားပေါင်း ၃၅၀၀ ကျော်ကို CDM ဆရာဆရာမများနှင့် Volunteer ဆရာဆရာမ စုစုပေါင်း ၃၀၀ ကျော်ဖြင့် သင်ကြား ပေးနေကြကြောင်း သိရသည်။

လက်ရှိအချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလပညာရေးသင်ရိုးများအတိုင်း သင်ကြား လျက်ရှိနေပြီး ပြင်ပမှသင်ရိုးများလည်း ထည့်သွင်းသင်ကြားပေးနေသည်။

“NUG ရဲ့ ကြားကာလသင်ရိုးနဲ့ပဲသွားနေပါတယ်။ CDM ဆရာမတွေကလည်း အဲဒါနဲ့ပဲ သွားချင်ကြတာ ဖြစ်လို့ အခုတော့ အဲဒါနဲ့ စတင်နေကြပါတယ်” ဟု မြောင်ပညာရေးကွန်ရက်တာဝန်ရှိသူကဆိုသည်။

မြောင်ဒေသသည် အကြမ်းဖက်စစ်ကောင်စီတပ်ကို အဆက်မပြတ်တော်လှန်တိုက်ခိုက်မှုများရှိနေသည့် အပြင် ဒေသအတွင်းရှိ အမှုအခင်းများ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ပြဿနာများကို ဖြေရှင်း နေသည်ကိုတွေ့ရပြီး အုပ်ချုပ်ရေးယန္တရားကို ထူထောင်လျက်ရှိနေသည်။

ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်း ကျော်စိုးမိုးထားပြီး အဆိုပါဒေသများတွင် ကြားကာလပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ ကြပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝင် ဦးနိုင်ထူးအောင်က မဇ္ဈိမသတင်း ဌာနသို့ ပြောကြားထားသည်။

ဓာတ်ပုံ - Myaung Education Network

#Mizzima

#မြောင်တော်လှန်ရေးနယ်မြေ

#ကြားကာလပညာရေး

#မြောင်ပညာရေးကွန်ရက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly