အဆိုတော် ရှိုင်း၏ ပျားလေးရဲ့ပန်း တစ်ကိုယ်တော် တေးအယ်ဘမ် ထွက်ရှိမည်

အဆိုတော် ရှိုင်း၏ ပျားလေးရဲ့ပန်း တစ်ကိုယ်တော် တေးအယ်ဘမ် ထွက်ရှိမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ။               ။ အိပ်မက်ဆုံရာ Season 10 တွင် 5th runner up ရရှိခဲ့သည့် အဆိုတော် ရှိုင်း၏ ပထမဆုံး ပျားလေးရဲ့ပန်း အမည်ရှိ တစ်ကိုယ်တော် တေးအယ်ဘမ် Audio CD ကို ဖေဖော်ဝါရီ ၅ရက်တွင် Bo Bo Music Production မှ ဖြန့်ချိ သွား မည် ဖြစ်သည်။

အဆိုတော် ရှိုင်း ၏ ပျားလေးရဲ့ပန်း အမည်ရှိ တစ်ကိုယ်တော် တေးအယ်ဘမ် Audio CD ထွက်ရှိမည့် အကြောင်း စာနယ်ဇင်းများနှင့် မိတ်ဆက်ပေးသည့် အခမ်းအနားကို ဇန်နဝါရီ ၂၉ရက်တွင် ရန်ကုန်မြို့ရှိ Orchid Hotel၌ ပြုလုပ်ခဲ့သည်။

ထို အယ်ဘမ်တွင် တေးသီချင်း ၁၃ပုဒ် ပါဝင်ပြီး တေးရေးများအဖြစ် မြတ်ဦး၊ စောဒေးဗစ်ဝင်း၊ ဂျေဂျူး စသည့် တေးရေးများ ပါဝင် ရေးသားပေးထားပြီး အဆိုတော် ရှိုင်း ကိုယ်တိုင် ရေးသားထားသည့် တေးသီချင်းများလည်း ပါဝင်သည်။

"ဒီအခွေကို ကျွန်တော် ပြိုင်ပွဲ ပြီးကတည်းက စလုပ်နေတာပါ။ အချိန် တစ်နှစ်လောက်တော့ ယူခဲ့တယ်။ အခက်အခဲ တွေကတော့ အများကြီး ဖြတ်ကျော်ခဲ့ရပါတယ်။" ဟု ရှိုင်းက ပြောသည်။

တေးသီချင်း အမျိုးအစားများ အဖြစ် Pop၊ Rock၊ ကန်းထရီး၊ စုံတွဲ သီချင်းများ ပါဝင်ပြီး Featuring အဆိုတော်များ အနေဖြင့် အဆိုတော် ဖြူဖွေး၊ လွန်းဇောင်း၊ ခူခူ၊ ဟိန်းကိုတို့မှ ပါဝင် သီဆို ပေးထားကြသည်။

အခွေ Title ပေးထားသည့် ပျားလေးရဲ့ပန်း တေးသီချင်း သည် အဆိုတော် ရှိုင်း၏ ၁၀နှစ်လောက်က ရေးသားထားသည့် တေးသီချင်း ဖြစ်ပြီး ထို တေးသီချင်းကိုပဲ တစ်ကိုယ်တော် အယ်ဘမ် Title အဖြစ် ရွေးချယ် ပေးဖြစ်ခြင်း ဖြစ်သည်။

အခွေ ပရိုမိုးရှင်း အနေဖြင့် အခွေ ထွက်ရှိသည့် ဖေဖော်ဝါရီ ၅ရက်တွင် လှည်းတန်း စင်တာတွင် ညနေ ၄နာရီ မှ စတင်ပြီး အဆိုတော် ရှိုင်း နှင့်အတူ အနုပညာရှင်များမှ အမှတ်တရ လက်မှတ် ရေးထိုးပြီး ရောင်းချ ပေးသွား မည် ဖြစ်သည်။

ပျားလေးရဲ့ပန်း တစ်ကိုယ်တော် တေးအယ်ဘမ်ကို Audio CD ထွက်ရှိ ပြီးပါက MTV ကိုလည်း ဆက်လက် ရိုက်ကူးသွားမည် ဖြစ်ပြီး လက်ရှိ နမူနာအနေဖြင့် အခွေတွင် ပါဝင်သည့် အနတ္တ တေးသီချင်းကို MTV ရိုက်ကူး ပြီးစီးပြီ ဖြစ်ကာ ပရိုမိုးရှင်းပွဲတွင် ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly