ကလေးမြို့တွင် ပြည်သူများကို အကြမ်းဖက်စစ်ကောင်စီမှ အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးမှုများ ပြုလုပ်နေ

ကလေးမြို့တွင် ပြည်သူများကို အကြမ်းဖက်စစ်ကောင်စီမှ အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးမှုများ ပြုလုပ်နေ

ဧပြီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ပေါ်ရပ်ကွက်အသီးသီးရှိ ပြည်သူများကို အကြမ်းဖက်စစ်ကောင်စီမှ ဧပြီလ ၁၈ ရက်ကစပြီး နေ့စဉ်ရက်ဆက် ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

ဧပြီလ ၁၈ ရက် ၊ နံနက် ၉ နာရီအချိန်ခန့်တွင် ဘဲအင်းရပ်ကွက်နေ ဦးဥက္ကာအမည်ရှိ သုံးဘီးဘေးတွဲ ယာဉ်မောင်းအမျိုးသားတစ်ဦးကို ကလေးမြို့၊ မြို့မဈေး၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးတို့က ရိုက်နှက်ဖမ်းဆီးသွားကြောင်းသိရသည်။

ယင်းနေ့ နံနက်(၈)နာရီဝန်းကျင်ကတည်းက ပါရာဒီဆိုရုပ်ရှင်ရုံရှေ့၊ အလုပ်သမားလမ်းကြားနှင့် ရွှေဘုံသာ ဘုရားကြီးလမ်းတို့ ဆုံရာနေရာတွင် စစ်ကောင်စီတပ်သားများနှင့် ရဲများပါဝင်သော အင်အား ၁၀ ဦးခန့်က စစ်ကားဖြင့် လမ်းပိတ်ဆို့၍ ဦးဥက္ကာနှင့် ဆက်စပ်သူများဟုဆိုကာ ဘဲအင်းရပ်ကွက်နေ ဦးကြည်ရှိန်၊ ဦးဆွေဝင်းနှင့် ဦးမင်းစိန်တို့ကို ဖမ်းဆီးရန်သွားရောက်ရှာဖွေခဲ့ကြောင်းသိရသည်။

ထိုသို့ရှာဖွေရာတွင် စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးတို့က ၎င်းတို့အလိုရှိသူများကိုမတွေ့၍ ဦးကြည်ရှိန်၏သမီး၊ ဦးဆွေဝင်း၏သမီး၊ သုံးဘီးဘေးတွဲယာဉ်မောင်း ဦးမင်းစိန်၏ဇနီး‌နှင့် အခြားအမျိုး သမီးတစ်ဦး စုစုပေါင်း အမျိုးသမီးလေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ယင်းသို့ ဦးဥက္ကာအပါအဝင်အမျိုးသမီးလေးဦး စုစုပေါင်း ပြည်သူငါးဦးကို ဖမ်းဆီးသွားသည့်အပြင် ဦးဥက္ကာ ၏ နေအိမ်နှင့် အခြား နေအိမ်တစ်လုံးတို့ကို ချိတ်ပိတ်သွားကြောင်း သိရသည်။

ထို့အပြင် အောင်မင်္ဂလာရပ်ကွက်၊ နယ်မြေ(၂)နေ ဦးဇော်ဌေးဆိုသူကို ကလေးမြို့ပေါ် လူသတ်မှုများ၏ ဆက်စပ်တရားခံ PDF အကြမ်းဖက်သမားဟုစွပ်စွဲကာ ယမန်နေ့ ဧပြီလ ၁၉ ရက်၊ ညနေ ၄ နာရီခန့်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထပ်မံ၍ ညောင်ပင်သာရပ်ကွက်၊ နယ်မြေ(၅)၌နေထိုင်သူ ဒေါ်ညောင်ဒိုးတိန်အား PDF များနှင့် ဆက် သွယ် သည်ဟုဆိုကာ ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့ ည ၇ နာရီခန့်က ၎င်း၏နေအိမ်၌ ဖမ်းဆီးခဲ့ပြီး SIGSAUER P320SP အမျိုးအစား အမေရိကန်နိုင်ငံထုတ် 9 mm ပစ္စတိုတစ်လက်၊ ကျည်အိမ် နှစ်ခု၊ 9 mm ကျည် ၂၃ တောင့်တို့နှင့်အတူ ဖမ်းဆီးခံခဲ့ရကြောင်း စစ်ကောင်စီဝါဒဖြန့် Fifty Two News တွင်ဖော်ပြထား သည်။

“ အဖမ်းခံရတဲ့အမျိုးသမီးကလွဲရင် ကျန်တဲ့သူတွေအားလုံးကို ၁၈ ရက်နေ့က မြို့မဈေးမှာ ကိုဥက္ကာဆိုတဲ့ လူ ဖမ်းဆီးခံရတဲ့အမှုကနေစပြီး နောက်ဆက်တွဲလိုက်တာလို့ သိရပါတယ်။ စစ်ကောင်စီဘက်က စွပ်စွဲ တာကတော့ မြို့ထဲကအပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တဲ့ကိစ္စလို့ ပါတယ်ဗျ။ စစ်တပ်သတင်းပေး ဒလန် တွေ၊ ပျူစောထီးတွေ ရှင်းတဲ့ကိစ္စတွေကြောင့် ဖြစ်မယ်။ ခုထိတော့ ဘယ်သူ့ကို ရှင်းတဲ့ကိစ္စကြောင့် အဖမ်း ခံရတယ်ဆိုတာ တပ်အပ်မပြောနိုင်သေးဘူး” ဟု ကလေးမြို့ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများအားလုံးကို စစ်ကောင်စီတပ်က PDF များနှင့်ဆက်သွယ်သူများဟူ၍ လည်းကောင်း၊ လူသတ်မှုများတွင် ဆက်စပ်ပါဝင်သူများဟူ၍လည်းကောင်း အသီးသီးစွပ်စွဲထားသော်လည်း မည်သူ့ကို သတ်သည်ဆိုသည်ကို စစ်ကောင်စီဘက်မှလည်း တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးသည့်အတွက် မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။

#ကလေးမြို့

#ရိုက်နှက်ဖမ်းဆီး

#စစ်ကိုင်းတိုင်း

#PhotoNews

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly